Connect with us

MYANMAR

နှာခေါင်းစည်းများဈေးတင်ရောင်းချခြင်း မပြုရန် UMFCCI မှ မေတ္တာရပ်ခံချက်ထုတ်ပြန် 

နှာခေါင်းစည်းဖြင့် ဈေးရောင်းနေသူတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) 

အရေးကြီးကုန်စည်တွင် ပါဝင်သည့် နှာခေါင်းစည်း (Mask) များအား တင်သွင်း၊ဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များအနေဖြင့် အများပြည်သူကျန်းမာရေးကိုရှေးရှု၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်းများ မပြုလုပ်ကြပါရန် မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများ အသင်းချုပ် (UMFCCI) က  သြဂုတ် ၂၁ ရက်တွင် မေတ္တာရပ်ခံချက်ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင်  COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ(၂၀) ရက်နေ့တွင်  ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေအရ အမိန့် ကြေညာချက်ကို  ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါအခြေအနေတွင် ရန်ကုန်မြို့အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ  ပြည်သူများအနေဖြင့်  COVID-19 ရောဂါ ကာကွယ်ရေးကို ပိုမိုအလေးထားလာခဲ့ပြီး ဈေးကွက် အတွင်း နှာခေါင်းစည်း  (Mask) များ ဝယ်လိုအား မြင့်တက်လာခဲ့သည့်အပေါ် ဈေးနှုန်းမြင့်တင် ရောင်းချခြင်းများတွေ့ရှိနေရကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သောဒေါ်မာလာက “အရင်ကတစ်ဘူးကို ၁,၅၀၀ကျပ်နဲ့ ရောင်းတဲ့ နှာခေါင်းစည်းက ဒီနေ့မှာ တစ်ဘူးကို ၇,၀၀၀ ကျော်ဖြစ်သွားတယ်။ မဖြစ်မနေ ဆိုတော့လည်းဝယ်ရတာပဲ။ ဈေးတင်ရောင်းသူတွေ ကို အရေးယူပေးစေချင်တယ်’’ ဟု ဆင်ဟွာသို့ သြဂုတ် ၂၁ ရက်တွင်ပြောသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၀ပြည့်နှစ် မတ်လ (၃၁) ရက် တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြေညာစာအမှတ် (၂၂/၂၀၂၀) အရ အရေးကြီးကုန်စည်များ ဖြစ်သည့်  COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ၊ ဆေးဝါးများနှင့် စားသုံးကုန် ပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း တို့ကို တားမြစ်ထားကြောင်း သိရသည်။  (Xinhua)