Connect with us

Environment, Disasters & Accidents

သြဂုတ် ၅ ရက်အထိ မြန်မာတစ်နိုင်ငံလုံး၌ ရေဘေးသင့်အိမ်ထောင်စုပေါင်း ၆,၇၀၀ ကျော် ၊ ရေဘေးသင့်လူဦးရေ ၃၁,၀၀၀ ခန့် နှင့် သေဆုံးသူ ၄ ဦးရှိ

ကရင်ပြည်နယ် မြဝတီမြို့၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည်ကို ဇူလိုင် ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၅ ရက်အထိ မြန်မာတစ်နိုင်ငံလုံး၌ ရေဘေးသင့်အိမ်ထောင်စုပေါင်း ၆,၇၀၀ ကျော်ရှိခဲ့ပြီး ရေဘေးသင့်လူဦးရေ ၃၁,၀၀၀ ခန့် နှင့် သေဆုံးသူ ၄ ဦး ရှိကြောင်း နှင့် လက်ရှိတွင် ကယ်ဆယ်ရေးစခန်းပေါင်း ၂၈ ခု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က ဆင်ဟွာသို့ ယနေ့ ဩဂုတ် ၆ ရက်တွင် ပြောကြားသည်။

“သေဆုံးသူ၄ ယောက်က ကရင်ပြည်နယ်က ၂ ယောက်နဲ့ ဧရာဝတီတိုင်းဒေသကြီးက ၂ ယောက်ဖြစ်ပါတယ်။ ရေဘေးကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိပါဘူး’’ ဟု ဒေါ်ဖြူလဲ့လဲ့ထွန်းကဆိုသည်။

၂၀၂၁ ခုနှစ် ဇူလိုင်မှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“ဇူလိုင် ၂၀ ရက်ကစပြီး ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၆၉ ခု ဖွင့်လှစ်ဆောင်ရွက်ခဲ့ရပါတယ်။ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ် မှာ စခန်းတွေပိတ်လိုက်တာတွေရှိတယ်။ လက်ရှိမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်စုစုပေါင်း ၃ ခုမှာ ရေဘေးရှောင် စခန်း ၂၈ ခုဖွင့်လှစ်ဆောင်ရွက်နေပါတယ်။’’ ဟု၎င်းကဆက်ပြောသည်။

ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၅ ရက်အထိ ရေဘေးကြောင့် လုံးဝပျက်စီးသွားသည့် အိမ်အလုံးပေါင်း ၄၆ လုံးရှိကြောင်း၊ မြန်မာနိုင်ငံ၌ နှစ်စဉ် ဇွန်လ မှ စက်တင်ဘာလ အတွင်းရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း၎င်းကဆိုသည်။

လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် လက်ရှိဖြစ်ပွားလျက်ရှိသည့် ရေဘေးအတွက် သြဂုတ် ၅ ရက်အထိ ကျပ်သိန်းပေါင်း ၇၃၀ ကျော်အားထောက်ပံ့ထားသည်။ COVID-19 တတိယလှိုင်းပြင်းထန်လျက်ရှိသောကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ပုံမှန်ထောက်ပံ့မှုများအပြင် COVID-19 ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများကိုလည်း ထောက်ပံ့ခဲ့ကြောင်း ၎င်းကဆိုသည်။

ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၏ Hot Line ဖုန်းများဖြစ်သော ၀၆၇-၄၀၄၆၆၆၊ ၀၆၇-၄၀၄၇၇၇ သို့ ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသည်။ (Xinhua)