Connect with us

Environment, Disasters & Accidents

စစ်ကိုင်း နှင့် မန္တလေး တိုင်းဒေသကြီးတို့ရှိ ရေဘေးရှောင် ပြည်သူ ၁၈,၀၀၀ ကျော် အတွက် ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး အတွင်း ရေဘေးရှောင် ပြည်သူများ နှင့် တွေ့ ဆုံစဉ်(ဓာတ်ပုံ - Department of Disaster Management- Myanmar)

ရန်ကုန် ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး နှင့် မန္တလေး တိုင်းဒေသကြီးရှိ ရေဘေးရှောင် ပြည်သူ ၁၈၈၇၃ ဦးရေ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ ပူးပါင်းကာ ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ဦးဆောင်သော တာဝန်ရှိသူများသည် ဇူလိုင် ၂၂ ရက် တွင် ရေဘေးသင့် ပြည်သူများနှင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ တိဿမာန်အောင် ဓမ္မာရုံ၌ တွေ့ဆုံ အားပေး စကားပြောကြားပြီး ရေဘေး တုံ့ပြန်ဆောင်ရွက်ရေးအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီးနောက် တံတားဦး မြို့နယ်မှ ရေဘေးရှောင်ပြည်သူ ၁၀,၀၄၃ ဦးတို့ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေ ကျပ်သိန်း ၂၁၀ ကျော်ကို ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုများအား တွေ့ရစဉ်(ဓာတ်ပုံ – Department of Disaster Management- Myanmar)

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ဧမြဝတီ ၊ ဒါးဝယ်ဈေး၊ပန်းပဲတန်း၊ ထုံးဘို ၊ သောတာပန် ရပ်ကွက်များရှိ ယာယီ ရေဘေး ခိုလှုံရာ နေရာများသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဌာန ၊ ဝန်ကြီး ဦးမိုးကျော်သူ ဦးဆောင်သော တာဝန်ရှိသူများ ဇူလိုင် ၂၂ ရက်တွင် ရောက်ရှိကာ လက်ရှိ ဖြစ်ပေါ် လျက်ရှိသည့် ရေကြီး ရေလျှံမှုများ နှင့်ပတ်သက်၍ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ရေဘေးရှောင်ပြည်သူများကို အားပေးစကားပြောကြားကာ စစ်ကိုင်းမြို့နယ်အတွင်းရှိ ရေဘေးရှောင်ပြည်သူ ၈၈၃၀ ဦး တို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထား ရေးဝန်ကြီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေ ၁၈၅ သိန်းကျော်ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီမြစ်ရေသည် ဇူလိုင် ၂၂ ရက် အခြေအနေအရ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူမြို့တို့၌ စိုးရိမ်ရေ အမှတ် အထက်တွင် ဆက်လက် တည်ရှိနေပြီး စစ်ကိုင်းတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

ယခုနှစ် ဇူလိုင်လ ဒုတိယပတ်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး ဧရာဝတီ မြစ်ရေ မြင့်တက်မှုကြောင့် ကချင်ပြည်နယ် အတွင်း မြို့နယ်အချို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လူဦးရေ ၂၂,၀၀၀ ခန့်ကို ယာယီ ရေဘေးရှောင်နေရာများသို့ ပြောင်းရွှေ့ ခဲ့ရကြောင်း နှင့် ယခုအခါ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူမြို့တို့၌ စိုးရိမ်ရေ အမှတ်အောက်သို့ ကျဆင်းသွားပြီဖြစ်ပြီး ရေဘေးရှောင်ပြည်သူများမှာလည်း ၎င်းတို့၏ နေအိမ်များသို့ ပြန်လည် ပြောင်းရွှေ့ကြပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် အမျိုးသား သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များနှင့်ပူးပေါင်း၍ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်ခဲ့သည်။(Xinhua)