Connect with us

Environment, Disasters & Accidents

မကွေးတိုင်းဒေသကြီးအတွင်း မီးလောင်မှုကြောင့် နေအိမ် ၂၈ လုံးဆုံးရှုံး

မကွေးမြို့တွင် မီးလောင်နေသော နေအိမ်များအား မီးငြှိမ်းသတ်နေစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြို့ပင်အင်းကျေးရွာရှိ ယနေ့ ဧပြီ ၁၃ ရက်၊ မွန်းလွဲ ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၂၈ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ကြို့ပင်အင်းကျေးရွာရှိ နေအိမ်တစ်လုံးမှစတင်၍ မီးလောင်ကျွမ်းခဲ့ရာ နေအိမ် ၂၈ လုံးထိမီးလောင်ခဲ့ကြောင်း၊ အဆိုပါ မီးလောင်ကျွမ်းမှုကို မီးသတ်တပ်ဖွဲ့နှင့် ပြည်သူများ စုပေါင်းမီးငြှိမ်းသတ်ရာ မွန်းလွဲ ၂ နာရီခွဲခန့်တွင် မီးညွန့်ကျိုးခဲ့ပြီး၊ ကျန်ရှိ မီးကြွင်းမီးကျန်များ ဆက်လက်ငြှိမ်းသတ် လျက်ရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက ကြီးကြပ်၍ မီးလောင်ကျွမ်းသည့်နေအိမ်များမှ ပြည်သူများအား ရွာဦးကျောင်းဓမ္မာရုံတွင် ယာယီနေရာ စီစဉ်ပေးခြင်းနှင့် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။(Xinhua)