Connect with us

Politics, Law & Military

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အောင်မြင်ရန် နိုင်ငံသားအားလုံး စိတ်ထား ၊ ခံယူချက်များ ပြောင်းရန် လိုအပ်ဟု ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ပြောကြား

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း လွှတ်တော် ကော်မတီများ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် အမှာစကား ပြောကြားနေစဉ် (ဓာတ်ပုံ- H.E. Thura U Shwe Mann)

ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော်ရုံးနှင့် နိုင်ငံတကာ အကူအညီ ပေးရေးအဖွဲ့များ ပူးပေါင်း စီစဉ်မှုဖြင့် လွှတ်တော် ကော်မတီများ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ (Hluttaw Committees Development Workshop Series) ကို စက်တင်ဘာလ ၂၁ ရက်နေ့မှ အောက်တိုဘာလ ၉ ရက်နေ့အထိ ရက်သတ္တပတ် (၃) ပတ်ကြာ ကျင်းပမည် ဖြစ်ရာ ယနေ့နံနက်ပိုင်းက လွှတ်တော်ဝန်းအတွင်းရှိ ဇဗ္ဗူသီရီဆောင်၌ ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားတွင် ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော ်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွင် လွှတ်တော်သည် အဓိက အခန်းကဏ္ဍမှ ပါဝင်လျှက်ရှိကြောင်း၊ လွှတ်တော်များ အားကောင်းရန် လိုအပ်ပြီး၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများ အရည်အသွေး၊ အရည်အချင်း ပြည့်ဝရန် လိုအပ်ပါကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အောင်မြင်ရန် အတွက်ဆိုလျှင် နိုင်ငံသား အားလုံး စိတ်ထားနှင့် ခံယူချက်များ ပြောင်းရန် လိုအပ်ပါကြောင်း၊ ထိုနည်းတူ လွှတ်တော်၏ တာဝန်ရှိမှု၊ တာဝန်ယူမှု အပိုင်းကို လွှတ်တော် ကိုယ်စားလှယ်များ၊ ဝန်ထမ်းများနှင့် ပြည်သူများ အားလုံး လက်ခံအောင် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း အမှာစကား ပြောကြားခဲ့သည်။

လွှတ်တော် ကော်မတီများ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ (ဓာတ်ပုံ- H.E. Thura U Shwe Mann)

ယခုကဲ့သို့ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပြီး အရည်အသွေး မြှင့်တင်ရေး ဆိုင်ရာနှင့် စိတ်ဓာတ် ခံယူချက်များ မြှင့်တင် ပေးခြင်းဖြင့် ကော်မတီများမှ တဆင့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူများ အကြားသို့ ပျံ့နှံ့ ရောက်ရှိသွားမည် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် လေးနှစ်ကျော် ကာလအတွင်း ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ အတွေ့အကြုံ နည်းပါးခဲ့သော်လည်း ဥပဒေပေါင်း (၁၈၉ ) ခု ပြဋ္ဌာန်း နိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာဖြစ်သည့် မဏ္ဍိုင်သုံးရပ် အကြား ထိုက်သင့်သည့် အပြန်အလှန် ထိန်းကျောင်းမှု ပြုလုပ် နိုင်ခဲ့ပါကြောင်း၊ လွှတ်တော်များ ဆက်လက် ရှင်သန်ရန်နှင့် အားကောင်းရန် လိုအပ်ပြီး လွှတ်တော်များ ရှင်သန် အားကောင်း မှသာ နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုနှင့် အတူ အေးချမ်းသာယာပြီး ဖွံ့ဖြိုး တိုးတက်မည်ဟု ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ထည့်သွင်း ပြောကြားခဲ့သည်။

လွှတ်တော် ကော်မတီများ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စု လွှတ်တော် နာယကနှင့် အတူ ဒုတိယ နာယက ဦးနန္ဒကျော်စွာ၊ ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ ဖြစ်ကြသော UNDP, Australian Parliament, Parliament of Denmark, UK House of Commons တို့မှ တာဝန်ရှိသူများ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.