Connect with us

Politics, Law & Military

မောင်တော ဒေသ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် တပ်မတော် ၊ ရဲ တပ်ဖွဲ့ဝင် ၁၇ ဦး ကျဆုံး

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ မောင်တော ဒေသအတွင်း ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်နေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

မောင်တော ဒေသ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် တပ်မတော်သား ၇ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁ဝ ဦး စုစုပေါင်း ၁၇ ဦး ကျဆုံးကာ တပ်မတော်သား ၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၇ ဦး၊ အပြစ်မဲ့အရပ်သားပြည်သူ ၃ ဦး စုစုပေါင်း ၁၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ၏ ထုတ်ပြန်မှု အရ သိရသည်။

ရခိုင်ပြည်နယ် မောင်တောခရိုင် နောက်ဆုံး အခြေအနေ ထုတ်ပြန်ချက်တွင် အောက်တိုဘာ ၉ ရက်မှ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်အထိ တပ်မတော်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်း၍ နယ်မြေလုံခြုံရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ရာ တွေ့ဆုံပစ်ခတ်မှုဖြစ်စဉ် အကြိမ် ၂ဝ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ထိုဖြစ်စဉ်များကြောင့် လက်နက် ၆၇ လက်၊ ကျည်မျိုးစုံ ၁ဝ၉၃ဝ၊ ကျည်အိမ် ၁၇၃ ခု၊ လှံစွပ် ၄၇ ခု ပါ ဆုံးရှုံးခဲ့ရပြီး နယ်မြေလုံခြုံရေး ဆက်လက်ဆောင်ရွက်ခဲ့မှုကြောင့် လက်နက် ၂၆ လက်နှင့် ကျည်မျိုးစုံ ၁၆၅၁ တောင့်နှင့် ကျည်အိမ် ၂၆ ခု ပြန်လည်ရရှိခဲ့ပြီး လက်နက် ၄၁ လက်၊ ကျည်မျိုးစုံ ၉၂၇၉ တောင့်၊ ကျည်အိမ် ၁၄၇ ခုနှင့် လှံစွပ် ၄၇ ခုတို့ ပြန်လည်ရရှိခြင်းမရှိသေးကြောင်း သိရှိရသည်။အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း အကြမ်းဖက်တိုက်ခိုက်သူ ၆၉ ဦး သေဆုံးခဲ့ပြီး လက်နက် ခုနစ်လက်၊ ကျည် ၁၈ တောင့်၊ ဓားအချောင်း ၇ဝ၊ မိုင်း ၈ လုံးနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အကြမ်းဖက်တိုက်ခိုက် သူများ၏ ဖမ်းဆီး သတ်ဖြတ်မှု များကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ စာကြည့်တိုက်မှူးနှင့် ရုံးစာရေးအပါအဝင် အပြစ်မဲ့အရပ်သား ပြည်သူ ၁၃ ဦး သေဆုံးခဲ့ပြီး နေအိမ်နှင့်ရွာများ မီးရှို့ဖျက်ဆီးမှု ၁ဝ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်တိုက်ခိုက်သူများ၏ သတ်ဖြတ်မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အမှုမှန်ပေါ်ပေါက် ရေးအတွက် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။ထိုဖြစ်စဉ်တွင် အကြမ်းဖက်တိုက်ခိုက်သူ ၅၈၅ ဦးအား ဖမ်းဆီးခဲ့ပြီး ပြန်လည်လွှတ်ပေးခဲ့သူ ၅၁ ဦး၊ ရောဂါဖြင့် သေဆုံးသူ ၈ ဦးရှိခဲ့ရာ လက်ရှိအချိန်အထိ ချုပ်နှောင်/ တရားရုံး စစ်ဆေးဆဲ ၅၂၆ ဦးရှိကြောင်း ၊ လူသတ်မှု၊ လက်နက်မှု၊ ဝတ္တရားနှောင့်ယှက်မှု၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု၊ မတရားအသင်းဖြင့် ဆက်သွယ်မှု၊ ပေါက်ကွဲစေမှု၊ တရားမဝင် ပြည်ပထွက်မှု၊ လူသတ်ရန်အားထုတ်မှုနှင့် မီးရှို့မှု အပါအဝင် အမှု ၃၉ မှု ဖွင့်လှစ်နိုင်ခဲ့ရပြီး ၅ မှုကို ပြီးပြတ်အောင် ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။ယခုအခါ တပ်မတော်အနေဖြင့် မောင်တောဒေသအတွင်း နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးများ ဆောင်ရွက်မှုမရှိတော့ဘဲ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ နယ်မြေဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအား ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များ ထွက်ပေါ်နေမှုနှင့်ပတ်သက်၍ ကော်မရှင် ၊ ကော်မတီများ ၊ အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။မောင်တောဒေသအတွင်းရှိ နှစ်ဖက်အသိုင်းအဝိုင်းများအတွက် ပြည်တွင်းပြည်ပအလှူရှင်များ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုလည်း နိုင်ငံတော်အစိုးရက ဦးဆောင်၍ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ (Xinhua)