Connect with us

Politics, Law & Military

မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းနှင့် စပ်လျဉ်း၍ စီစဉ် ဆောင်ရွက် ထားရှိမှု အခြေအနေများအား ရှင်းလင်း

နိုင်ငံတော်သမ္မတ အိမ်တော်၌ ပြုလုပ်သော ရှင်းလင်းပွဲအား တွေ့ရစဉ်(ဓာတ်ပုံ - Myanmar President Office )

ရန်ကုန် ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ပြန်လည်တုံ့ပြန်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် ဦးကျော်တင်တို့က ရှင်းလင်းတင်ပြခြင်းအား နိုင်ငံတော်သမ္မတ အိမ်တော်၊ ငုရွှေဝါခန်းမ၌ နိုဝင်ဘာ ၂၃ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က ရှင်းလင်း တင်ပြ ရာတွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုထားမှုနှင့်ပတ်သက်၍ လာမည့် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံတို့မှ နှုတ်ဖြင့် လျှောက်လဲချက် တင်သွင်းရန် အပြည်ပြည်ဆိုင်ရာတရားရုံးက အချိန်ဇယား သတ်မှတ် ခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။  

ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ်မစ်နိုင်ငံများအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံအား တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများမှာ ဂမ်ဘီယာ နိုင်ငံအပေါ် တိုက်ရိုက်သက်ရောက်ခဲ့ခြင်း မရှိသော်လည်း အစ္စလာမ် ဘာသာဝင်များ အရေး နှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံသည် OIC အတွင်း တက်ကြွစွာ ပါဝင်ခဲ့သည်ကို တွေ့ရှိ ရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က ရှင်းလင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ယင်းအမှုအား ရင်ဆိုင်ဖြေရှင်းသွားရန် ကျွမ်းကျင်သည့် ရှေ့နေများ ဥပဒေအကြံပေးများ ငှားရမ်းထားပြီး ဖြစ်ကြောင်း၊ ICJ တွင် မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုအပေါ် စနစ်တကျ ပြင်ဆင်၍ ဖြစ်ရပ်မှန်များ တင်ပြနိုင်ရေးနှင့် အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်မှုများနှင့် လက်ရှိ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို အစိုးရအဖွဲ့ဝင်များ သာမက အများ ပြည်သူသိရှိ နားလည်စေရန် ရှင်းလင်းပြောကြားရခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင့်ဆွေက ရှင်းလင်းတင်ပြရာတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏အကျိုးစီးပွား၊ နိုင်ငံသားများ၏ အကျိုးစီးပွား အတွက် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲဆို ခံရခြင်းနှင့် ပတ်သက်သည့် အရေးကိစ္စအား လုံးကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေကို ပူးတွဲကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အကျိုးစီးပွားကာကွယ်ရန်အတွက် နယ်သာလန်နိုင်ငံ The Hague မြို့သို့ စေလွှတ်မည့် ကိုယ်စားလှယ်အဖွဲ့ကို စနစ်တကျ ပြင်ဆင်စုဖွဲ့၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဦးဆောင် သွားရောက်ရန် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင့်ဆွေက ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါရှင်းလင်းပွဲသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဉီးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.