Connect with us

Politics, Law & Military

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမဲဆန္ဒနယ်တွင် အနိုင်ရရှိကြောင်း ကော်မရှင် အတည်ပြုကြေညာ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ NLD ပါတီဝန်းရံထောက်ခံသူများအား နိုဝင်ဘာ ၉ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယခု ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ၎င်းဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ထပ်မံ အနိုင်ရရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ နှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများတွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး ယခုအခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်မှုအရ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ထပ်မံ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တို့နှင့် အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် ပြည်သူလွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း ၃၁၁ ဦး ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း ၁၆၀ ဦး ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း ၆၀၆ ဦး နှင့် တိုင်းရင်းသားလူမျိုးများ မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း ၂၉ ဦး စုစုပေါင်း ၁၁၀၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်း အချိန် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်း အတည်ပြုကြေညာချက် အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၁၂ ဦး ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၈ ဦး ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၂၄ ဦး စုစုပေါင်း ၄၄ ဦး အနိုင်ရရှိထားကြောင်း နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၁ ဦး ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် နှစ်ဦး အနိုင်ရရှိထားကြောင်း ထုတ်ပြန်ဖော်ပြထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်လောင်းများ၏ အနိုင်ရရှိမှု စာရင်းများအား ယနေ့ နိုဝင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ် အချိန် ထုတ်ပြန်မှုအရ ပြည်သူ့လွှတ်တော်တွင် ၈၉ ဦး ၊ အမျိုးသားလွှတ်တော်တွင် ၁၀ ဦးဖြင့် လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်လောင်း ၉၉ ဦး အနိုင်ရရှိထားကြောင်း ဖော်ပြထားပြီး အဆိုပါ ဖော်ပြချက်သည် ကိုယ်စားလှယ်လောင်းများထံမှ ရရှိသည့် အချက်အလက်များသာ ဖြစ်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) မှ အတည်ပြုထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းလည်း ထည့်သွင်း ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.