Connect with us

Politics, Law & Military

၁၃ ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှ သိသာ ထင်ရှားသည့် တိုးတက်မှုများ ရရှိခဲ့ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား

၁၃ ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး နှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်(ဓာတ်ပုံ-MOI)

နေပြည်တော် ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ)

၁၃ ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှ သိသာ ထင်ရှားသည့် တိုးတက်မှုများ မိမိတို့ရရှိခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ယနေ့နိုဝင်ဘာ ၂၁ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် ၁၃ ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအား ကျင်းပခွင့် ရသည့် အတွက် ဂုဏ်ယူဝမ်းမြောက်ရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု ရရှိရေးအတွက် မိတ်ဖက် ဆက်ဆံမှုကို ခိုင်မြဲအောင် ဆောင်ရွက်ကြပါစို့ ဟူသည့် အစည်းအဝေး၏ဆောင်ပုဒ်နှင့် အညီ ဆွေးနွေးမှုများ ကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

၁၃ ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး နောက်ဆုံးနေ့ ကျင်းပနေမှုများအား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

မိမိတို့၏ ဆွေးနွေးချက်များသည် အေဆမ်၏ အနာဂတ်လုပ်ငန်းစဉ်များအတွက် အထောက်အကူပြုမည် ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုအပြင် မိမိတို့ ၏ပြည်သူ များအတွက် အပြန်အလှန် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အေဆမ်၏ ရည်မှန်းချက်နှင့် အညီ အေဆမ်မိတ်ဖက်နိုင်ငံများက အေဆမ်နိုင်ငံ များအတွင်း ချိတ်ဆက်မှု အဓိပ္ပာယ် သတ်မှတ်ရေးဆိုင်ရာ သဘောတူညီချက်၊ လုပ်ငန်း နယ်ပယ်၊ လုပ်ငန်းသတ်မှတ်ကာလနှင့် အေဆမ်ချိတ်ဆက်မှုလုပ်ငန်းများနှင့် ပတ်သက် ၍ သဘောတူညီချက်ရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ အစည်းအဝေး တွင် နှစ်နိုင်ငံအကြားအပြန်အလှန် ဆွေးနွေးမှု ၉၀ ကျော် လုပ်ဆောင် နိုင်ခဲ့ကြောင်း သိရသည်။

၁၃ ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် အာရှနှင့်ဥရောပ ၅၁ နိုင်ငံမှ ကိုယ်စားလှယ် ၅၄ ယောက်တက်ရောက်ခဲ့ပြီး အစည်းအဝေးသို့ဥရောပနှင့် အာရှနိုင်ငံ အသီးသီးမှ စုစုပေါင်းကိုယ်စားလှယ်အဖွဲ့ဝင် ၅၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်တွင် ကျင်းပမည့် ၁၄ ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေးကို စပိန်က အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ဘရပ်ဆဲလ်တွင် ကျင်းပမည့် အေဆမ် ထိပ်သီးအစည်းအဝေးနှင့် စပိန်တွင် ကျင်းပမည့် အေဆမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး အောင်မြင်စွာ ကျင်းပ နိုင် မည်ဟု မျှော်လင့်ကြောင်း၊ ထိုအစည်းအဝေးနှစ်ရပ်စလုံး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မြန်မာနိုင်ငံက ကူညီပံ့ပိုးလိုသည့်ဆန္ဒရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

၁၃ ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး နှင့် စပ်လျဉ်း၍ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

၁၃ ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအား မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် နိုဝင်ဘာ ၂၀ ရက် နှင့် နိုဝင်ဘာ ၂၁ ရက်တို့တွင် ၂ ရက်ကြာ နေပြည်တော်၌ လက်ခံ ကျင်းပခဲ့သည်။

အစည်းအဝေး ပထမနေ့နိုဝင်ဘာ ၂၀ ရက်တွင် ကျင်းပခဲ့သော မျက်နှာ စုံညီ အစည်းအဝေးတွင် ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အေဆမ်၏ မိတ်ဖက် ပူးပေါင်း ဆောင်ရွက်မှု ပတ်သက်သည့် ကိစ္စရပ်များ ကိုင်တွယ် ဖြေရှင်းရာတွင် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်မှုနှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဓိက ဆွေးနွေးချက်များ အဖြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု ၊ ဒေသတွင်း အေးချမ်းတည်ငြိမ်မှု၊ အေဆမ် မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု၊ ချိတ်ဆက်မှု၊ အကြမ်းဖက်မှုနှင့် အစွန်းရောက်မှုများကို ကာကွယ်တိုက် ဖျက်မှု၊ မူးယစ်ဆေးဝါး၊ ရွှေ့ပြောင်းသွားလာမှု၊ တရားမဝင် ငါးခိုးဖမ်းမှု၊ လက်နက်ဖျက်သိမ်းမှု၊ နျူကလီးယား လက်နက် နှင့် လူအစုလိုက်အပြုံလိုက်သေစေစေသည့်လက်နက်များ မပြန့်ပွားရေး၊ ဆိုက်ဘာလုံခြုံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အရည်အသွေးမြင့် အခြေခံအဆောက် အအုံများ တိုးချဲ့မှု၊ ဒေသတွင်းနှင့် နိုင်ငံတကာ ဆိုင်ရာ မူဘောင်မှ တစ်ဆင့် ဆက်သွယ် ညှိနှိုင်းဆောင် ရွက်ခြင်း စသည့် ကိစ္စရပ်များကို အလေးထားဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေး ဒုတိယနေ့နိုဝင်ဘာ ၂၁ ရက် သီးသန့်ဆွေးနွေးပွဲတွင် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ် များကို လက်တွေ့ကျကျနှင့် ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.