Connect with us

Politics, Law & Military

တိုင်းရင်းသား အားလုံး ပါဝင် လက်မှတ် ရေးထိုးနိုင်ရေး အချက်မှအပ NCA စာချုပ်ပါ အချက်အားလုံး သဘောတူညီမှု ရရှိ


ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးစာချုပ် (NCA) ပါ အချက်အလက်များအနက် တိုင်းရင်းသား အားလုံးပါဝင် လက်မှတ် ရေးထိုးရေး အချက်မှ အပ စာချုပ်ပါအချက် အားလုံး သဘောတူညီမှု ရရှိခဲ့ကြောင်း ယနေ့ နှစ်ဖက် ခေါင်းဆောင်များ ဆွေးနွေးပွဲအပြီး တရားဝင် ထုတ်ပြန်လိုက်သည်။
အဆိုပါ နှစ်ဖက် ခေါင်းဆောင်များ သဘောတူညီမှု ရရှိရန် ကျန်ရှိခဲ့သော တိုင်းရင်းသားများ အားလုံး ပါဝင် လက်မှတ် ရေးထိုးရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသား ခေါင်းဆောင်များဘက်မှ လာမည့် တစ်ပတ်အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန် တင်ပြထားကြောင်း၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် သမ္မတ တွေ့ဆုံပြီး နှစ်ပတ်အတွင်း ထပ်မံ ဆွေးနွေးမည်ကြောင်း တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ (SD) မှ ဒုတိယ အဖွဲ့ခေါင်းဆောင် ပူးဇင်ကျုံးက ဆိုသည်။

တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့ဖြစ်သည့် ရခိုင်တပ်မတော် (AA) ၊ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP)၊ ရခိုင် အမျိုးသားကောင်စီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KPC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖ့ွဲ (MNDAA)၊ မွန်ပြည်သစ် ပါတီ (MNFP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ( PNLO)၊ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး / တအောင်းပလောင် လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ( SSPP/SSA)၊ ဝအမျိုးသား အဖွဲ့ချုပ် (WNO) တို့အပြင် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (ရှမ်းပြည် တပ်မတော် တောင်ပိုင်း) ၊ နာဂဒေသ အမျိုးသား ဆိုရှယ်လစ် ကောင်စီနှင့် ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSA) စသည့် အဖွဲ့များနှင့်လည်း လက်မှတ် ရေးထိုးလိုသည်။

အစိုးရဘက်မှ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး / တအောင်းပလောင် လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ရက္ခိုင့် တပ်မတော်၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ (MNDAA)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး၊ ဝ အမျိုးသား အဖွဲ့ချုပ်နှင့် ရခိုင် အမျိုးသား ကောင်စီ ၆ ဖွဲ့ကို ပါဝင် လက်မှတ် ရေးထိုးရာတွင် ထည့်သွင်း သတ်မှတ်မည် မဟုတ်သဖြင့် အားလုံးပါဝင် လက်မှတ် ရေးထိုးနိုင်ရေးတွင် ညှိနှိုင်းရ ခက်နေသည်။

(၉) ကြိမ်မြောက် အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ညှိနှိုင်း ဆွေးနွေးပွဲ (ဆင်ဟွာ)

(၉) ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ၌ ယခင် ဆွေးနွေးပွဲတွင် ကျန်ရှိသည့် အချက် (၃) ချက်ကို ဆွေးနွေးခဲ့ပြီး စာချုပ်တွင် နှစ်ဖက် ခေါင်းဆောင်များ လက်မှတ် ရေးထိုးနိုင်ရေးနှင့် ပြည်တွင်း သက်သေများ ခေါ်ယူရေး၊ ပြည်ပ သက်သေများ မည်သည့် အဖွဲ့များ ခေါ်ယူရေးကိုလည်း သဘောတူညီမှု ရရှိခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များအားလုံး ပါဝင် လက်မှတ် ရေးထိုးနိုင်ရေးကို အစိုးရဘက်မှ နည်းလမ်းရှာဖွေပြီး ရှေ့ဆက်သွားရန် ဆန္ဒရှိကြောင်း UPWC ဒုတိယ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက သြဂုတ်လ ၆ ရက်နေ့ အဖွင့်မိန့်ခွန်းတွင် ပြောကြား ထားသည်။

“ တချို့အဖွဲ့တွေကို လက်မှတ်မထိုးပဲ ထားခဲ့လို့ တိုက်ပွဲတွေ မဖြစ်ပါဘူးလို့ အစိုးရဘက်က အာမခံမပေးနိုင်ဘူး၊ လက်မှတ်ထိုးတဲ့ အဖွဲ့တွေက အေးချမ်းပြီး မထိုးတဲ့အဖွဲ့တွေက မအေးချမ်းတာ မတရားဘူးလေ၊ အဲဒါကြောင့် အားလုံး ပါဝင်ရေးကို သွားတာ”ဟု တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ (SD)မှ ဦးနိုင်ဟံသာက ပြောသည်။

( ၉) ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ် ညှိနှိုင်း ဆွေးနွေးပွဲကို ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာတွင် သြဂုတ်လ ၆ ရက်နှင့်၊ ၇ရက်တို့တွင် ဆွေးနွေးခဲ့ပြီး လေ့လာသူအဖြစ် ကမ္ဘာကုလသမဂ္ဂ ကိုယ်စားပြု မစ္စမာရီယမ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထူးကိုယ်စားလှယ် မစ္စတာ စန်ဂေါင်ဇင်းတို့ တက်ရောက်ခဲ့ကာ ဆွေးနွေးပွဲ ဒုတိယနေ့တွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယားပါ တက်ရောက်ခဲ့သည်။ (Xinhua)