Connect with us

North America

ဗဟိုမီချီဂန်တက္ကသိုလ်တွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၂ဦးသေဆုံး

ဗဟိုမီချီဂန်တက္ကသိုလ် သေနတ်ပစ်ခတ်မှုမှ သံသယရှိသူ အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ချီကာဂို၊ မတ်လ ၃ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ Mt. Pleasant မြို့ ရှိ ဗဟိုမီချီဂန်တက္ကသိုလ်၏ အဆောင်တစ်ခုတွင် မတ်လ ၂ရက် နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၂ဦးသေဆုံးကြောင်း Detroit Free Press သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

မီချီဂန်ပြည်နယ် ရဲတပ်ဖွဲ့က ယင်း သတင်းအား အတည်ပြုပေးခဲ့ပြီး သေနတ်သမားမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။တက္ကသိုလ်က သေဆုံးသူများသည် ကျောင်းသားများမဟုတ်ကြောင်း နှင့် ယင်း ဖြစ်စဉ်သည် အိမ်တွင်းပြဿနာတစ်ခုမှ စတင်ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယူဆကြောင်း တွစ်တာ၌ရေးသားဖော်ပြခဲ့သည်။ပစ်ခတ်မှုသည် တက္ကသိုလ်အဆောင် Campbell Hall ၏ ၄လွှာတွင် ဖြစ်ပွားခဲ့၍ စာသင်ချိန်အားလုံးကို ရပ်ဆိုင်းခဲ့ပြီး ကျောင်းသားများအား အခင်းဖြစ်ပွားရာနေရာကို ရှောင်ရှားရန် နှင့် ဘေးကင်းသည့်နေရာတွင် နေထိုင်ကြရန် သတိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

City of Mt. Pleasant တွစ်တာအကောင့်တွင် တရားခံသည် အသက် ၁၉နှစ်အရွယ် လူမည်းအမျိုးသားတစ်ဦး ဖြစ်ကြောင်း၊ ၎င်းသည် လက်နက်ကိုင်ဆောင်ထားပြီး အန္တရာယ်ရှိသူတစ်ဦးဖြစ်ကြောင်း ရေးသားခဲ့သည်။မီချီဂန်ပြည်နယ် ရဲတပ်ဖွဲ့ (MSP) က ရဲတပ်ဖွဲ့ဝင်များသည် တရားခံအား ရှာဖွေဖမ်းဆီးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ဗဟိုမီချီဂန်တက္ကသိုလ်သည် အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်၊ Detroitမြို့ အနောက်မြောက်ဘက် ၁၅၅မိုင်အကွာခန့်တွင်တည်ရှိပြီး ကျောင်းသားပေါင်း ၂၃,၀၀၀ ခန့်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ (Xinhua)