Connect with us

Economy

အာဆီယံ-တရုတ် မဟာဗျူဟာ မိတ်ဆွေ ဆက်ဆံရေး သည် အလွန်အရေးပါကြောင်း မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ပြောကြား

မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမှ စက်တင်ဘာ ၁၈ ရက်နေ့ တွင် ပြုလုပ်ခဲ့သည့် ၁၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည် ပြပွဲ ဖွင့်ပွဲ အခမ်းအနား တွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

နန်နင်း ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အာဆီယံ-တရုတ် မဟာဗျူဟာ မိတ်ဆွေ ဆက်ဆံရေးသည် ဒေသတွင်း တည်ငြိမ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အလွန် အရေးပါကြောင်း မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမှ တရုတ်နိုင်ငံကွမ်းရှီး ပြည်နယ် နန်နင်း မြို့တွင် စက်တင်ဘာ ၁၈ ရက်နေ့က ကျင်းပသော ၁၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည် ပြပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမှ တရုတ်နှင့် အာဆီယံ မဟာဗျူဟာ မိတ်ဆွေ ဆက်ဆံရေးသည် တရုတ်နှင့် အာဆီယံ နိုင်ငံများ၏ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို သက်ဝင်လှုပ်ရှား စေခဲ့ကြောင်း ၊ တရုတ် နိုင်ငံသည် အာဆီယံ နိုင်ငံများ၏ အဓိက ကုန်သွယ်ရေး မိတ်ဆွေ နိုင်ငံ ဖြစ်ကြောင်း ၊ အာဆီယံသည် လည်း တရုတ် နိုင်ငံ၏ တတိယ အကြီးဆုံး ကုန်သွယ်ရေး နိုင်ငံ ဖြစ်ကြောင်း ၊ တရုတ်-အာဆီယံ ကုန်သွယ်မှု ပမာဏ သည် လျင်မြန်စွာ တိုးတက်နေပြီး ၂၀၁၃ ခုနှစ်က အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံ မှ ၂၀၁၄ ခုနှစ်တွင် ၁၂၆ ဘီလီယံသို့ မြင့်တက်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် မစ္စတာ ကျန်းကောင်းလိ တို့ တွေ့ဆုံစဉ် (ဆင်ဟွာ)

ထို့ပြင် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမှ အာဆီယံ-တရုတ် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှု စာချုပ်သည် အာဆီယံ နှင့် အာဆီယံ မိတ်ဆွေ နိုင်ငံများ အနက်မှ တရုတ်နိုင်ငံနှင့် ပထမ ဦးဆုံးချုပ်ဆို ခဲ့သည့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှု စာချုပ် ဖြစ်ကြောင်း ၊ ၄၇ ကြိမ်မြောက် အာဆီယံ စီးပွားရေး ဝန်ကြီးများ အစည်းအဝေးတွင် ချုပ်ဆိုခဲ့သည့် အာဆီယံ-တရုတ် လွတ်လပ်စွာ ကုန်သွယ်ရေး အဆင့်မြှင့်တင်မှု စာချုပ်သည် အာဆီယံနှင့် တရုတ် နိုင်ငံ အနာဂတ် ပူးပေါင်း ဆောင်ရွက်မှု အတွက် ပိုမို ခိုင်မာသည့် အခြေခံ ဖြစ်စေမည်ကို ယုံကြည်ကြောင်း ၊ ကျွန်တော်တို့ အနေဖြင့် တရုတ် နိုင်ငံ၏ အာဆီယံ နိုင်ငံများနှင့် အပြန်အလှန် ချိတ်ဆက် ဆောင်ရွက်မှု အစီအစဉ်ကို ကြိုဆိုကြောင်း ပြောကြား ခဲ့သည်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမှ တရုတ် နိုင်ငံမှ ဖော်ဆောင်နေသည့် ၂၁ ရာစု ပင်လယ် ရေကြောင်း ပိုးလမ်းမကြီး စီမံကိန်းသည် အာဆီယံ နိုင်ငံများ အပြန်အလှန် ချိတ်ဆက်မှုကို အားဖြည့်ပေးနိုင်မည် ဖြစ်ပြီး အာရှ အခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) ၏ ထောက်ပံ့မှု ကြောင့်လည်း အာဆီယံ နိုင်ငံများ အပြန်အလှန် ချိတ်ဆက် ဆောင်ရွက်မှု အစီအစဉ်ကို ပိုမို မြန်ဆန်စွာ အကောင်အထည် ဖော်နိုင်မည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံမှ အမေရိကန် ဒေါ်လာ ၄၀ ဘီလီယံ မြှုပ်နှံမည့် ပိုးလမ်းကြီး ဖောင်ဒေရှင်းသည် ခေတ်သစ် ပိုးလမ်းမကြီး လမ်းကြောင်း တစ်လျှောက် နိုင်ငံများ၏ အခြေခံ အဆောင်အဦး ၊ စွမ်းအင် အရင်းအမြစ် ၊ ကုန်ထုတ် လုပ်ငန်းနှင့် ငွေကြေး ဆိုင်ရာ စသည့် ကဏ္ဍ များနှင့် အခြား အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ် များအတွက်ပါ အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)