Connect with us

Environment, Disasters & Accidents

ယခုနှစ်ဆောင်းရာသီတွင် အင်းလေးကန် ရမ်ဆာရပ်ဝန်းဒေသသို့ ဝင်ရောက်ကျက်စားလျက်ရှိသော ဆောင်းခိုငှက်များအနက် ကမ္ဘာ့ရှားပါး ဆောင်းခိုငှက် ငါးမျိုးပါဝင်

၂၀၂၂ ခုနှစ်က အင်းလေးကန်သို့ ရောက်ရှိခဲ့သည့် ဆောင်းခိုငှက်များကို တွေ့ရစဉ် (ဓာတ်ပုံ-- အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော)

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ယခုဆောင်းရာသီတွင် အင်းလေးကန်ရမ်ဆာရပ်ဝန်းဒေသ၌ ဆောင်းခိုငှက် မျိုးစိတ်(၃၄) မျိုး ဝင်ရောက် ကျက်စားလျက်ရှိပြီး ယင်းအနက် ကမ္ဘာ့ရှားပါးဆောင်းခိုငှက်မျိုးစိတ်ငါးမျိုး ပါဝင်နေကြောင်း အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးက ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၁၄ ရက်တွင်ပြောသည်။“ဒီနှစ် အင်းလေးကန်ကို လာရောက်ကြတဲ့ ရှားပါးဆောင်းခိုငှက် ၅ မျိုးကတော့ စင်ရော်ငှက်မျိုးစိတ်နှစ်မျိုး၊ ရေကြက်ဒုံ၊ ဘဲပို့ချပ်နှင့် ဘဲစကပ် စတဲ့ ကမ္ဘာ့ရှားပါး ဆောင်းခိုငှက်မျိုးစိတ် ငါးမျိုးတို့ဖြစ်ပါတယ်။ အောက်တိုဘာ လဝက်လောက်ကနေ စင်ရော်ငှက်တွေက စရောက်ပါတယ်။ တချို့ဆောင်းခိုငှက်တွေက စောပြန်တတ်တယ်။ တချို့တွေကတော့ ဧပြီလလောက်အထိ နေပါတယ်။ အများဆုံးလာရောက်တဲ့ ဆောင်းခိုငှက်တွေကတော့ ရေကြက်အမျိုးအနွယ်ဝင်တွေပေါ့။ နိုဝင်ဘာ စာရင်းအရ ဆောင်းခိုငှက် ၅,၀၀၀ ဝန်းကျင်လောက် အင်းလေးကန်ကိုရောက်နေပြီ။ ရောက်တဲ့ ဆောင်းခိုငှက် အရေအတွက်က အရင်နှစ်တွေနဲ့ သိပ်မကွာဘူး” ဟု ဦးတင်မြစိုးက ပြောသည်။

၂၀၂၂ ခုနှစ်က အင်းလေးကန်သို့ ရောက်ရှိခဲ့သည့် ဆောင်းခိုငှက်များကို တွေ့ရစဉ် (ဓာတ်ပုံ– အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော)

အဆိုပါ ဆောင်းခိုငှက်များကို အင်းလေးကန်ရှိ စားကျက်နေရာရှစ်နေရာတွင် ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။“ကြိုးကြာငှက်ကျတော့ ဆောင်းခိုငှက်ထဲမှာပါပေမဲ့ မပြန်သွားဘဲ ကျန်ခဲ့တာမျိုးရှိတယ်။ ရေကြက်ဒုံဆိုရင်လည်း အဲ့လိုပဲ။ မပြန်သွားဘဲ ဒီမှာကျန်ခဲ့တာ ၂ ကောင်၊ ၃ ကောင် လောက်ရှိတယ်” ဟု ဦးတင်မြစိုးက ပြောသည်။

မြန်မာနိုင်ငံသို့ ဆိုက်ဘေးရီးယားဒေသမှ ဆောင်းခိုငှက်များသည် အင်းလေးကန်သို့လည်းကောင်း၊ တရုတ်နှင့် ရုရှားနိုင်ငံတို့မှဆောင်းခိုငှက်များသည် အင်းတော်ကြီးကန်သို့ လည်းကောင်း အများဆုံးဝင်ရောက်လေ့ရှိကြောင်း သိရသည်။တစ်နှစ်ထက် တစ်နှစ် ကမ္ဘာ့ ရှားပါးဆောင်းခိုငှက်များ လျော့နည်းလာမှုကို ကာကွယ်ရန် မြန်မာနိုင်ငံ ရမ်ဆာရပ်ဝန်းဒေသများသို့ ဝင်ရောက်လာသော ဆောင်းခိုငှက်များအား တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော ဝန်ထမ်းများက မှတ်တမ်းယူစာရင်းပြုစု၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက် လျက်ရှိကြောင်း ဒီဇင်ဘာ ၁၃ ရက်ထုတ် နိုင်ငံပိုင်ကြေးမုံသတင်းစာတွင် ပါရှိသည်။

ကမ္ဘာ့မြောက်ခြမ်းဆောင်းရာသီကို ရှောင်ရှားရန် ကမ္ဘာ့တောင်ခြမ်းဒေသများသို့ ဆောင်းခိုငှက်များ ပျံသန်းရာ လမ်းကြောင်းကြီး ကိုးခုဖြစ်သော အရှေ့အတ္တလန္တိတ် ပျံသန်းရာလမ်းကြောင်း၊ ပင်လယ်နက်- မြေထဲပင်လယ် ပျံသန်းရာလမ်းကြောင်း၊ မစ္စစ္စပီ-အမေရိက ပျံသန်းရာလမ်းကြောင်း၊ အတ္တလန္တိတ်-အမေရိက ပျံသန်းရာလမ်းကြောင်း၊ ပစိဖိတ်-အမေရိက ပျံသန်းရာလမ်းကြောင်း၊ အနောက်ပစိဖိတ် ပျံသန်းရာလမ်းကြောင်း၊ အရှေ့အာရှ-ဩစတြေးလျ ပျံသန်းရာလမ်းကြောင်း၊ အာရှအလယ်ပိုင်း ပျံသန်းရာ လမ်းကြောင်းနှင့် အနောက်အာရှ-အရှေ့အာဖရိက ပျံသန်းရာ လမ်းကြောင်းတို့မှ ဆောင်းခို ငှက်များ ဝင်ရောက်ကြလေ့ရှိသည်။ မြန်မာနိုင်ငံသို့ အရှေ့အာရှ-ဩစတြေးလျ ပျံသန်းရာလမ်းကြောင်း နှင့် အာရှအလယ်ပိုင်း ပျံသန်းရာလမ်းကြောင်းတို့မှ နှစ်စဉ်ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၃၀၀ ကျော် လာရောက်ကျက်စားလေ့ရှိကြောင်း သိရသည်။

“ဆောင်းခိုငှက် ဇီဝမျိုးစုံ၊ မျိုးကွဲ လာရောက်ဖို့က နေရာတိုင်းမှာ ဆောင်းခိုငှက်လမ်းကြောင်းကျတာ မဟုတ်ဘူး။ သူ့ရဲ့နားခိုဖို့ နေရာဒေသ၊ စားကျက်၊ ကောင်းမွန်တဲ့ အေးချမ်းတဲ့ လွတ်လပ်တဲ့ နေရာဒေသကို လာကြတာဖြစ်တယ်။ နောက်ပြီး ဆောင်းခိုငှက်တွေကို လာကြည့်တဲ့ ငှက်ဝါသနာရှင်တွေလာရောက်တဲ့အတွက် ခရီးသွားလုပ်ငန်းကိုလည်း အထောက်အကူပြုတယ်။ ဒေသခံတွေလည်း အခွင့်အလမ်းတွေရတယ်။ ဇီဝမျိုးစုံ၊ မျိုးကွဲ ထိန်းသိမ်းရေးအတွက်လည်း အများကြီး အထောက်အကူပြုပါတယ်” ဟု ဦးတင်မြစိုးကပြောသည်။

အင်းလေးကန်ဘေးမဲ့တော ဧရိယာတွင် အရေးကြီးငှက်မျိုးစိတ်(၁၄) မျိုး သတ်မှတ်ထားပြီး နိုဝင်ဘာလ ကုန်ပိုင်းနှင့် ဒီဇင်ဘာလဆန်းပိုင်း၌ သစ်တောငှက်မျိုးစိတ် ၉၅ မျိူး (၆,၇၇၃ ကောင်)၊ ရေပျော် ငှက်မျိုးစိတ် ၄၂ မျိုး (၉,၉၃၈ ကောင်) နှင့် ဆောင်းခိုငှက်မျိုးစိတ် ၃၄ မျိုး( ၄,၂၃၆ ကောင်)တို့ ကျက်စားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အင်းတော်ကြီးကန်၊ အင်းလေးကန်၊ မိုးယွန်းကြီး အင်း၊ မိန်းမလှကျွန်း၊ ပလိပ်အင်း၊ တောင်သမန်အင်း၊ ပြူကန်အင်းနှင့် ဗနောအင်းများသို့ နှစ်စဉ် ဆောင်းခိုငှက်များ ဝင်ရောက်ကျက်စားလျက်ရှိ၍ ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်မှုတစ်ခုအဖြစ် ရပ်တည်လျက်ရှိရာ ကမ္ဘာ့ရှားပါးဆောင်း ခိုငှက်များ ဝင်ရောက်ကျက်စားရာနေရာများဖြစ်ကြောင်း ကြေးမုံသတင်းစာတွင်ပါရှိသည်။

“ကျွန်တော်တို့ ဌာနအနေနဲ့ ဆောင်းခိုငှက်တွေ လာရောက်ကျက်စားတဲ့ ကာလတွေမှာ ဒေသခံတွေကို ပစ်ခတ် ဖမ်းဆီးမှုမလုပ်ဖို့ အပါအဝင် ထိထိရောက်ရောက် ကာကွယ်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်” ဟု ဦးတင်မြစိုးက ဖြည့်စွက်ပြောကြားသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117