Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် အပါအဝင် ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ရာတွင် “မည်သူမျှ မကျန်ရစ်စေရ” ဆိုသည့်မူကို လက်ကိုင်ပြုဆောင်ရွက်နေဟုဆို

UEHRD ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်(ဓာတ်ပုံ - Myanmar State Counsellor Office )

ရန်ကုန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် အပါအဝင် ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ရာတွင် “မည်သူမျှ မကျန်ရစ်စေရ” ဆိုသည့်မူကို လက်ကိုင်ပြု၍ ဆောင်ရွက်နေကြောင်း UEHRD ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ကော်မတီ၏ ၃ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားအား နေပြည်တော်၌ Online System ဖြင့် ကျင်းပခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်မိန့်ခွန်း Video Message တွင် ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ယခုအချိန်မှာတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု ဆောက်တည်ရေးလုပ်ငန်းများ အထူးလိုအပ်နေပါတယ်။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်၌ ကာလအဆက်ဆက် ဖြစ်တည်နေခဲ့သည့် ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့ခြင်းများ ၊ ပဋိပက္ခများ ၊ မတည်ငြိမ်မှုများသည် စိန်ခေါ်မှုများ အနေဖြင့် ရှိနေပြီး ယင်းစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် အစိုးရအဖွဲ့ အနေဖြင့် စတင်တာဝန်ယူချိန်ကတည်းက ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှု နှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

UEHRD သည် အစိုးရဌာနဆိုင်ရာ လုပ်ငန်းများအပြင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဟဇာတဖြစ်ရေးစသည့် ကဏ္ဍစုံတွင် လုပ်ငန်းရှင်ကြီးများ ၊ ပညာရှင်ကြီးများ၏ အကြံဉာဏ်များ ၊ ပြည်တွင်း၊ ပြည်ပ ပူးပေါင်းပါဝင်မှုများ ၊ အထောက်အပံ့များနှင့်ပါ ဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ၊ နိုင်ငံ နေရာဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် ဖွဲ့စည်းမှု ပုံစံအသစ်ဖြင့် ပထမဆုံးဆောင်ရွက်ခဲ့သည့် ပြည်ထောင်စုစီမံကိန်း ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။

“အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်း UEHRD ရဲ့ လူသားချင်းစာနာမှု လုပ်ငန်းစဉ်တွေမှာ ကျွန်မတို့နဲ့အတူ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) နဲ့ IFRC, ICRC တို့ ပူးပေါင်းပြီး Red Cross Movement (RCM) အစီအစဉ် အဖြစ် ဖြစ်စဉ်တွေ စတင်ကတည်းက ဖွဲ့စည်းဆောင်ရွက် ပေးနေတာဟာ ယခုထိတိုင် ဖြစ်ပါတယ်။ ဒါ့အပြင် WFP ကလည်း COVID-19 မတိုင်မီရော၊ အခု COVID-19 ဖြစ်ပွားမှုကာလတွေအထိ ရခိုင်ပြည်နယ် အတွင်းမှာ စားနပ်ရိက္ခာ အပါအဝင် ထောက်ပံ့မှုတွေကို စဉ်ဆက်မပြတ် ထောက်ပံ့ ဆောင်ရွက်ပေးခဲ့တာအတွက်လည်း ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။အာဆီယံနိုင်ငံများနဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံး တို့ကလည်း “One ASEAN One Response” ဆိုတဲ့အတိုင်း ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စရပ်တွေမှာ ကျွန်မတို့နဲ့အတူ လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေကို မပြတ်ဆောင်ရွက်ပေးနေသလို မိတ်ဆွေနိုင်ငံများကလဲ ပါဝင်ကူညီခဲ့ကြပါတယ်။ အထူးသဖြင့် ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ ကူညီ ထောက်ပံ့မှုများ များစွာပါဝင်ခဲ့တာကို ကျွန်မတို့အနေနဲ့ ကျေးဇူးတင် အသိအမှတ်ပြုပါတယ်။”ဟု ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသည့် ပြဿနာများကို နိုင်ငံသူ နိုင်ငံသားများ ပြည်ထောင်စု သားသမီးများ အားလုံး၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဖြေရှင်းနိုင်မယ်ဆိုပါက နောင်လာ နောက်သား များအတွက် အင်မတန်မှ တန်ဖိုးဖြတ်၍ မရသည့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်သော အမွေအနှစ် ဖြစ်လာပြီး ယင်းအမွေအနှစ်ကို မိမိတို့ ထားခဲ့နိုင်မည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

“ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ရင် ကျွန်မတို့ရဲ့ ဆောင်ရွက်မှုတွေအပေါ် အပြုသဘော ကြည့်မြင်ပြီး ဝိုင်းဝန်းကူညီကြတာ တွေ ရှိသလို လိုအပ်ချက်တွေ အားနည်းချက်တွေဘဲ ထောက်ပြ ဝေဖန်ပြီး ပိုမိုဆိုးရွားတဲ့ အခြေအနေတွေထိ ရောက်အောင်တွန်းပို့နေကြတဲ့ ပြည်တွင်း/ ပြည်ပ အသိုက်အဝန်းတွေလည်း ရှိနေတာဖြစ်တဲ့ အတွက် သတိကြီးကြီး ထားပြီး ဆောင်ရွက်ကြဖို့ လိုတယ်ဆိုတာ ကိုလည်း သတိပေးချင်ပါတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.