Connect with us

Politics, Law & Military

အပစ်အခတ် ရပ်စဲရေး စာချုပ် အပြီးသတ်ရသည်အထိ ဆွေးနွေးညှိနှိုင်းမည်ဟု လော်ခီးလာ ညီလာခံက ထုတ်ပြန်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီး ခေါင်းဆောင်များ ပါဝင်သည့် တိုင်းရင်းသား ညီလာခံ တရပ်ကို ကရင် အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာတွင် ကျင်းပ နေစဉ် (ဆင်ဟွာ)

လော်ခီးလာ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် (NCA) မူကြမ်းကို အပြီးသတ် သဘောတူညီချက် ရသည်အထိ အစိုးရနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ညှိနှိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း လော်ခီးလာ တိုင်းရင်းသား ညီလာခံက ယနေ့ ထုတ်ပြန်လိုက်သည်။

NCA မူကြမ်းကို အခြေခံပြီး အစိုးရနှင့် ညှိနှိုင်းရန် ကျန်ရှိနေသော အချက်များကို ထိပ်သီး အစည်းအဝေးကြီး၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ခေါင်းဆောင် ၁၅ ဦးဖြင့် ထပ်မံ ဖွဲ့စည်းလိုက်သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့မှ အစိုးရနှင့် အမြန်ဆုံး တွေ့ဆုံပြီး NCA ကို နှစ်ဖက် သဘောတူညီမှု ရသည်အထိ ညှိနှိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လော်ခီးလာ ညီလာခံမှ နှစ်ဖက် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့များ၏ တွေ့ဆုံ ဆွေးနွေးပွဲများမှ တစ်ဆင့် NCA တွင် ပါဝင် လက်မှတ် ရေးထိုးမည့် အဖွဲ့အစည်း စာရင်းများကို အတည်ပြုရာတွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ချမှတ်ခဲ့သည့် လော်ခီးလာ “မူ” ကို ကိုးကားထားသည့်အပြင် NCA ကို လက်ခံသည့် အဖွဲ့အစည်းများ အားလုံး အတူတကွ ပါဝင် လက်မှတ် ရေးထိုးရေး ကိုလည်း ဆုံးဖြတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရှေ့ဆက်မည့် နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) မှ ရေးဆွဲ တင်ပြသည့် နိုင်ငံရေး ဆွေးနွေးရေး မူဘောင် အခြေခံ လမ်းညွှန်ချက်များ ( အဆိုမူကြမ်း) ကို တိုင်းရင်းသား ခေါင်းဆောင်များ အကြံပြု ဆွေးနွေးခဲ့သည်။

လော်ခီးလာ တိုင်းရင်းသား ညီလာခံ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များသည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား တစ်နှစ်ခွဲခန့်ကြာ ပူးတွဲ ညှိနှိုင်း ရေးဆွဲ အတည်ပြုထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (မူကြမ်း) ကို အသေးစိတ် ဆွေးနွေးကြပြီး အချက် ၁၅ ချက်ကို ပြင်ဆင် ဖြည့်စွက်ရန် ဇွန်လ ၇ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

တိုင်းရင်းသား ခေါင်းဆောင်များ ထိပ်သီး ညီလာခံကို ကရင် အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ဘားအံခရိုင် လော်ခီးလာတွင် ဇွန်လ ၂ ရက်မှ ၉ ရက်ထိ ၈ ရက်ကြာ ကျင်းပ ပြုလုပ်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့၏ ကိုယ်စားလှယ်နှင့် လေ့လာသူ ၁၀၈ ဦး၊ NCCT အဖွဲ့ဝင် ၁၁ ဦး အပါအဝင် စုစုပေါင်း ၁၉၀ ခန့် တက်ရောက် ဆွေးနွေးခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117