Connect with us

Africa & Middle East

ဇမ်ဘီးယားတွင် လှေတိမ်းမှောက်မှုကြောင့် လူ ၂၀ကျော်သေဆုံး

ဇမ်ဘီးယားနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် လှေတိမ်းမှောက်မှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လူဆာကာ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

ဇမ်ဘီးယားနိုင်ငံ Nchelenge ခရိုင် ရှိ ရေကန်တစ်ခုတွင် လှေတစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၂၀ဦးကျော် သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနက ဖေဖော်ဝါရီ ၁၄ရက်ကဖော်ပြခဲ့သည်။

Mweru ရေကန်တွင် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၁၁နာရီ က ဝန်ပိုတင်ဆောင်လာသော လှေတစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၁၉ဦး အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း နှင့် ဒဏ်ရာရရှိသူများကို ဒေသတွင်းဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးထားကြောင်း Zambia News and Information Service က ဖော်ပြခဲ့သည်။

အဆိုပါလှေသည် သတ်မှတ်အလေးချိန်ထက်ကျော်လွန်၍ ခရီးသည် ၄၀ဦး နှင့် ၎င်းတို့၏ ကုန်စည်များကို တင်ဆောင်လာကြောင်း ခရိုင်ကော်မရှင်နာ Derrick Mwelwa ၏ ပြောကြားချက်ကို ကိုးကား၍ သတင်း၌ဖော်ပြခဲ့သည်။၎င်းက ရေကန်အတွင်း လေပြင်းများတိုက်ခတ်နေခြင်းကြောင့် လှေတိမ်းမှောက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း နှင့် အဆိုပါလှေသည် မှတ်ပုံတင်ထားခြင်းမရှိသလို အသက်ကယ် အင်္ကျီများလည်း မပါရှိကြောင်းပြောကြားခဲ့သည်။ဇမ်ဘီးယားရေတပ်က ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)