Connect with us

Africa & Middle East

အစိုးရအဖွဲ့ရာထူးမှနုတ်ထွက်ခြင်းနှင့်အတူလက်ဘနွန်သည်မျက်မှောက်အကျပ်အတည်းမှရုန်းထွက်ရန်ခဲယဉ်းနေဆဲဖြစ်

လက်ဘနွန်နိုင်ငံတွင်ဆန္ဒပြလှုပ်ရှားမှုကြီးဖြစ်ပွားနေသည်ကိုဩဂုတ်၁၀ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ ဩဂုတ်၁၂ ရက် (ဆင်ဟွာ)

ပြည်သူလူထု၏ပြုပြင်ပြောင်းလဲရေးတောင်းဆိုသံအတွက်လက်ဘနွန်နိုင်ငံဝန်ကြီးချုပ်Hassan Diabသည်အစိုးရတစ်ဖွဲ့လုံးရာထူးမှနုတ်ထွက်ရန်ဩဂုတ်၁၀ရက်တွင်ကြေညာခဲ့သည်။လက်ဘနွန်ဆိပ်ကမ်း၌ဩဂုတ်၄ရက်ကပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ဘေရွတ်တွင်နေ့စဉ်ရက်ဆက်ဆန္ဒပြမှုများအကြီးအကျယ်ဖြစ်ပွားခဲ့ရာလက်ဘနွန်အားနိုင်ငံရေးအကျပ်အတည်းမီးတောက်လောင်စေခဲ့သည်။

သုံးသပ်လေ့လာသူအချို့ကဟတ်ဆန်ဒီယက်အစိုးရအဖွဲ့နုတ်ထွက်ခြင်းသည်လက်ဘနွန်၏လက်ရှိကြုံတွေ့နေရသည့်အန္တရာယ်အကျပ်အတည်းကိုဖြေရှင်းရာတွင်အထောက်အပံ့မဖြစ်သည့်အပြင်စွမ်းဆောင်ရည်ပြည့်ဝသောအစိုးရသစ်တစ်ရပ်အမြန်ဆုံးမဖွဲ့စည်းနိုင်ပါကအကျပ်အတည်းအန္တရာယ်မှာပို၍ပြင်းထန်လာနိုင်ကြောင်းသုံးသပ်ကြသည်။

လက်ဘနွန်နိုင်ငံတွင်ဆန္ဒပြလှုပ်ရှားမှုကြီးဖြစ်ပွားနေသည်ကိုဩဂုတ်၁၀ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

(၁) အကျပ်အတည်းများတစ်ပူပေါ်နှစ်ပူဆင့်

မိမိတို့အစိုးရအာဏာရသည့်အချိန်မှစ၍ပြုပြင်ပြောင်းလဲမှုများကိုအဆက်မပြတ်ရှာဖွေစမ်းသပ်ဆောင်ရွက်ခဲ့သော်လည်းကြီးမားသောအတားအဆီးများကိုကြုံတွေ့နေရကြောင်း၊နိုင်ငံရေးပါတီအချို့၏ပြည်သူလူထုကိုအစိုးရဆန့်ကျင်ရေးလှုံ့ဆော်မှုများအားမည်သို့မျှမတားဆီးနိုင်ခဲ့ကြောင်းHassan Diabကဩဂုတ်၁၀ရက်ညပိုင်းတွင်ပြောကြားခဲ့သောရုပ်မြင်သံကြားမိန့်ခွင်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

အစိုးရအဖွဲ့လိုက်နုတ်ထွက်မည်ဖြစ်ကြောင်းနှင့်အမှန်တကယ်ပြောင်းလဲမှုများကိုရှာဖွေကြရန် မျှော်လင့်ကြောင်း၎င်းကပြောကြားခဲ့သည်။လက်ဘနွန်၏အကျင့်ပျက်ချစားမှုစနစ်ကိုအမြစ်ပြတ်ရှင်းရန်အလွန်ခဲယဉ်းကြောင်း၊ဆိပ်ကမ်းပေါက်ကွဲမှုသည်အကျင့်ပျက်ချစားမှု၏သာဓကတစ်ခုပင်ဖြစ်ကြောင်း၊ကြောက်ခမန်းလိလိ ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း အချို့လူများမှာလျစ်လျူရှုနေကြကြောင်းHassan Diabကဆိုသည်။ပြီးခဲ့သည့်နှစ်အောက်တိုဘာ ၁၇ ရက်မှစ၍ လက်ဘနွန်နိုင်ငံနေရာအနှံ့အပြားတွင် ဆန္ဒပြမှုများအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး အစိုးရနုတ်ထွက်ရန်၊ပညာရှင်အစိုးရအဖွဲ့သစ်ဖွဲ့စည်းရန် စသည်ဖြင့်တောင်းဆိုခဲ့ကြသည်။ အောက်တိုဘာ၂၉ရက်တွင်ယခင်ဝန်ကြီးချုပ် Saad Hariri ရာထူးမှနုတ်ထွက်ရန်ကြေညာခဲ့သည်။ဒီဇင်ဘာ၁၉ရက်တွင်သမ္မတMichel Aounက Hassan Diabအားအစိုးရသစ်၏ဝန်ကြီးချုပ်အဖြစ်ကက်ဘိနက်ဖွဲ့ရန်တာဝန်ပေးအပ်ခဲ့သည်။ယခုနှစ်ဇန်နဝါရီ၂၁ရက်တွင် Hassan Diabကကက်ဘိနက်အဖွဲ့ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လက်ဘနွန်နိုင်ငံတွင်ဆန္ဒပြလှုပ်ရှားမှုကြီးဖြစ်ပွားနေသည်ကိုဩဂုတ်၁၀ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

HassanDiabအစိုးရသည်ကံမကောင်းလှစွာပင်အစိုးရအဖွဲ့ဖွဲ့ပြီးမကြာမီကိုဗစ်ကပ်ရောဂါနှင့်ကြုံတွေ့ခဲ့ရပြီးအာဏာရကာလတွင်နိုင်ငံ၏နိုင်ငံရေး၊စီးပွားရေး၊ကျန်းမာရေးစသည့်ကဏ္ဍစုံတွင်ဘေးကျပ်နံကျပ်အခက်အခဲများနှင့်ကြုံတွေ့ခဲ့သည်။နိုင်ငံရေးပါတီအသီးသီး၏ယှဉ်ပြိုင်တိုက်ခိုက်မှုများသည် Hassan Diabအစိုးရ၏ပြုပြင်ပြောင်းလဲမှုထိရောက်စွာဆောင်ရွက်ရန်ခဲယဉ်းမှုများရှိလာသည်။တစ်ပူပေါ်နှစ်ပူဆင့်လာခြင်းကြောင့်မူလကျဆင်းနေသည့်စီးပွားရေးအခြေအနေသည်ပိုမိုနိမ့်ကျလာရာအလွန်တရာဆိုးဝါးသည့်စီးပွားရေးအကျပ်အတည်းနွံတွင်နစ်ဝင်ခဲ့ရသည်။ကပ်ရောဂါ၏ပြင်းထန်သည့်ရိုက်ခတ်မှုကိုရင်ဆိုင်ရာလက်ဘနွန်သည်ဇူလိုင်၁ရက်မတိုင်မီကာလစုစုပေါင်းအတည်ပြုလူနာ၂,၀၀၀မပြည့်ရာမှဇူလိုင်လကုန်ပိုင်းတွင်၄,၀၀၀အထိပြန့်ပွားခဲ့သည်။အကျပ်အတည်းအခက်အခဲအထပ်ထပ်က Hassan Diabအစိုးရ၏ဖိအားကိုဆတိုးစေခဲ့ရာဩဂုတ်၄ရက်တွင်ဖြစ်ပွားသောပြင်းထန်သည့်ပေါက်ကွဲမှုကအစိုးရအဖွဲ့၏နောက်ဆုံးမျှော်လင့်ချက်မြက်ပင်လေးကိုနင်းချေလိုက်သလိုဖြစ်စေခဲ့သည်။

(၂) ပြည်ပဖိအားများ

လက်ဘနွန်သည်ကာလကြာရှည်ဒေသတွင်းနိုင်ငံကြီးများအားပြိုင်လွန်ဆွဲရာနေရာဖြစ်ရာနိုင်ငံရေးအလားအလာအပေါ်သက်ရောက်မှုများရှိခဲ့သည်။လက်ဘနွန်တွင်နိုင်ငံရေးပါတီအများအပြားရှိသော်လည်းအဓိကအားဖြင့်ဆော်ဒီအာရေဗျနှင့်အနောက်နိုင်ငံများသို့ယိမ်းယိုင်သည့်အဖွဲ့နှင့်ဆီးရီယားနှင့်အီရန်သို့ယိမ်းယိုင်သည့်အဖွဲ့ဟူ၍အဓိကအားဖြင့်နှစ်မျိုးရှိနေသည်။

လန်ဒန်တက္ကသိုလ်အရှေ့အလယ်ပိုင်းဒေသနိုင်ငံရေးသုတေသီအီဘရာဟင်ဟာရဗီက Hassan Diabအစိုးရသည်ရှီယိုက်မူဆလင်ဘာသာဝင်အဓိကပါတီနှစ်ခုဖြစ်သည့်ဟက်ဇ်ဘိုလာပါတီနှင့် Amal Movementပါတီ၏ထောက်ခံမှုကိုရရှိသော်လည်းယခင်ဝန်ကြီးချုပ် Saad Hariri ဦးဆောင်သည့်ဆွန်နီမူဆလင်ဘာသာဝင်ပါတီနှင့်လက်ဘနွန်စစ်တပ်၏ထောက်ခံမှုကိုမရရှိခဲ့ကြောင်းဆိုသည်။

သုံးသပ်လေ့လာသူအချို့က Hassan Diabအစိုးရနုတ်ထွက်မှုသည်အပြင်ပန်းကြည့်ပါကပြည်တွင်းအကြောင်းတရားများကြောင့်ဖြစ်သလိုပြည်ပအကြောင်းအရင်းများ၏သက်ရောက်မှုကြောင့်လည်းဖြစ်သည်ဟုဆိုသည်။အီရန်နိုင်ငံနှင့်အမေရိကန်နိုင်ငံကိုဆန့်ကျင်သည့်ဟက်ဇ်ဘိုလာပါတီကိုချဉ်းကပ်မှုကြောင့် Hassan Diabအစိုးရအနေဖြင့်အမေရိကန်စသောအနောက်နိုင်ငံများ၏ထောက်ခံအားပေးမှုကိုရယူရန်ခက်ခဲစေသည်။

ပြင်သစ်နိုင်ငံသမ္မတမိုက်ခရွန်သည်ဩဂုတ်၆ရက်တွင်လက်ဘနွန်သို့ရောက်ရှိခဲ့ရာပေါက်ကွဲမှုကြီးဖြစ်ပွားပြီးနောက်ပထမဆုံးဘေရွတ်သို့လာရောက်ကြည့်ရှုသည့်ပြည်ပနိုင်ငံခေါင်းဆောင်ဖြစ်သည်။လာရောက်ကြည့်ရှုစဉ်မိုက်ခရွန်ကလက်ဘနွန်နိုင်ငံအနေဖြင့်ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်ရန်နိုင်ငံရေးသဘောတူညီချက်အသစ်ကိုရရှိအောင်ဆောင်ရွက်ရန်နှင့်အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရအဖွဲ့ဖွဲ့ရန်နိုးဆော်တိုက်တွန်းခဲ့သည်။

ပြည်တွင်းပြည်ပဖိအားအထပ်အထပ်တွင်Hassan Diabအစိုးရရာထူးမှနုတ်ထွက်ခဲ့ရာလက်ဘနွန်အနေဖြင့်ပြင်သစ်နိုင်ငံ၏အဆိုပြုချက်အတိုင်းအမေရိကန်နှင့်ပင်လယ်ကွေ့နိုင်ငံများ၏ထောက်ခံအားပေးမှုဖြင့်အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရဖွဲ့စည်းကောင်းဖွဲ့စည်းလာနိုင်ပြီးဝန်ကြီးချုပ်ဟောင်း Saad Hariri သည်လည်းလာမည့်ဝန်ကြီးချုပ်ရာထူးရွေးချယ်မှုတွင်အဓိကရွေးချယ်ခံရသူဖြစ်ကောင်းဖြစ်လာနိုင်သည်။

(၃) အကျပ်အတည်းကိုဖြေရှင်းရန်ခက်ခဲ

သုံးသပ်လေ့လာသူအချို့ကဂိုဏ်းဂဏကွဲပြား၍အာဏာခွဲခြားမှုစနစ်သည်လက်ဘနွန်ကိုလက်ရှိအကျပ်အတည်းအမျိုးမျိုးသို့တွန်းပို့လိုက်သည့်အကြောင်းအရင်းများအနက်တစ်ခုဖြစ်ရာယင်းစနစ်သည် Hassan Diabအစိုးရအဖွဲ့နုတ်ထွက်ပြိုလဲခြင်း၊ အစိုးရသစ်တည်ထောင်ခြင်းများကြောင့်ပြောင်းလဲလာနိုင်မည် မဟုတ်ကြောင်းမှတ်ချက်ပေးကြသည်။

သမ္မတMichel Aounကဩဂုတ်၁၀ရက်ညပိုင်းတွင် Hassan Diab၏နုတ်ထွက်စာကိုလက်ခံပြီးနောက် လက်ရှိအစိုးရအနေဖြင့်ဝန်ကြီးချုပ်သစ်မရွေးချယ်မီ၊အစိုးရအဖွဲ့သစ်မဖွဲ့စည်းမီအချိန်အထိအိမ်စောင့်အစိုးရတာဝန်ကိုဆောင်ရွက်ရန်တောင်းဆိုခဲ့သည်။ Hassan Diabအစိုးရအနေဖြင့် အိမ်စောင့်အစိုးရအဖြစ်ပြောင်းလဲသည့်အခါ၎င်း၏တာဝန်နှင့်ဝတ္တရားမှာ အစိုးရဝန်ကြီးဌာနအသီးသီးတွင်ပုံမှန်လုပ်ငန်းစဉ်များလည်ပတ်နိုင်ရန်ထိန်းသိမ်းပေးထားခြင်းသာဖြစ်နိုင်ပြီးအရေးကြီးဆုံးဖြတ်ချက်နှင့်မူဝါဒရေးဆွဲမှုတွင်လုပ်ဆောင်၍ရနိုင်မည်မဟုတ်ပေ။

လုပ်ထုံးလုပ်နည်းများအရသမ္မတ Michel Aounသည်လွှတ်တော်ရှိပါတီအသီးသီးနှင့် ဆွေးနွေးကာဝန်ကြီးချုပ်သစ်အမည်စရင်းကိုတင်သွင်းမည်ဖြစ်သည်။သို့သော်အခြေခံဥပဒေပြဋ္ဌာန်းမှုတွင်ထိုသို့အမည်စာရင်းတင်သွင်းရန်ဆွေးနွေးသည့်အချိန်ကာလနှင့်ကက်ဘိနက်ဖွဲ့မည့်ကာလကိုသတ်မှတ်ထားခြင်းမရှိရာအစိုးရအသစ်ဖွဲ့စည်းမှုတွင်လည်းအခက်အခဲများစွာနှင့်အိုးနင်းခွက်နင်းဖြစ်မည့်အခြေအနေကရှောင်လွှဲ၍မရနိုင်ကြောင်းခန့်မှန်းရသည်။

အစိုးရသစ်အမြန်ဆုံးဖွဲ့စည်းနိုင်ခြင်းမရှိပါကပေါက်ကွဲမှုနောက်ဆက်တွဲကိစ္စရပ်များကိုကိုင်တွယ်ဖြေရှင်းရာတွင်ဥပမာ- နိုင်ငံအသီးသီးကူညီပံ့ပိုးပေးသည်အထောက်အပံ့ဖြစ်များကိုစီမံခန့်ခွဲခြင်း၊ဘေးဒဏ်သင့်ပြည်သူများကိုကူညီကယ်ဆယ်ရန်နေရာချထားခြင်းစသည်တို့တွင်အနုတ်လက္ခဏာသက်ရောက်မှုရှိမည်ဖြစ်သလို စီးပွားရေးပြန်လည်နိုးထရန်နှင့်ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်လည်းကြီးမားသည့်သက်ရောက်မှုရှိနိုင်ကြောင်းသုံးသပ်သူအချို့ကဆိုသည်။ (Xinhua)