Connect with us

Africa & Middle East

ကြောက်မက်ဖွယ် ဘေရွတ် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လက်ဘနွန် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်

လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လာရောက်ကြည့်ရှုသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်တွင် ကြောက်မက်ဖွယ် ပေါက်ကွဲမှုဖြစ်ပွားပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်းတွင် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဟတ်ဆန် ဒီယက် (Hassan Diab) က ၎င်း၏ အစိုးရအဖွဲ့ ရာထူးမှ နုတ်ထွက်ကြောင်း ဩဂုတ် ၁၀ ရက်၌ ကြေညာခဲ့သည်။ 

ယခင်အစိုးရ၏ အကျင့်ပျက်ခြစားမှုများတွေအတွက် တာဝန်ယူရန်ကိုမူ ငြင်းဆိုကြောင်း ဒီယက်က ဆိုသည်။ “ကျွန်တော်တို့ အစိုးရဖွဲ့စည်းပြီးနောက် သီတင်းပတ်များအကြာမှာ အချို့နိုင်ငံရေးပါတီတွေက အကျင့်ပျက်ခြစားမှု၊ အစိုးရကြွေးမြီနဲ့ စီးပွားရေးပြိုလဲမှုတွေကို ကျွန်တော်တို့ကို တာဝန်လွှဲချဖို့ ကြိုးစားခဲ့တယ်” ဟု ဒီယက်က ပြောခဲ့ပြီး ၎င်း၏အစိုးရအဖွဲ့ရှိ ဝန်ကြီးများအနေဖြင့် နိုင်ငံကို ကယ်တင်ရန် လမ်းပြမြေပုံကို ဖော်ဆောင်ရာတွင် ကြီးမားသောအားထုတ်ကြိုးပမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ 

 လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လာရောက်ကြည့်ရှုသူများအား တွေ့ရစဉ် (ဆင်ဟွာ)

“ကျွန်တော်တို့ ဒီနိုင်ငံရဲ့ အနာဂတ်နဲ့ ကျွန်တော်တို့ ကလေးတွေရဲ့အနာဂတ်ကိုပဲ စိတ်ဝင်စားပါတယ်။ ကိုယ်ပိုင်အကျိုးစီးပွားတွေမရှိပါဘူး။ ဒီနိုင်ငံအတွက် ကောင်းတာတွေကို ကျွန်တော်တို့ လိုချင်တယ်။ ဒါပေမဲ့ အသုံးမဝင်တဲ့ အငြင်းပွားမှုတွေကို ဆွဲခေါ်ဖို့တော့ ငြင်းပယ်ပါတယ်။ ကံမကောင်းစွာနဲ့ဘဲ ကျွန်တော်တို့ကို ဆန့်ကျင်ဖို့ ပြည်သူတွေကို သွေးထိုးလှုံ့ဆော်နေတဲ့ နိုင်ငံရေးပါတီအချို့ကိုတော့ မရပ်တန့်နိုင်ခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။ 

လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုကြောင့် အဆောက်အအုံများ ပျက်စီးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ) 

လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုတွင် သေဆုံးခဲ့သူများအတွက် ကြေကွဲဝမ်းနည်းသည့်အနေဖြင့် ဖယောင်းတိုင်မီးများ ထွန်းညှိနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

အမှန်တကယ် အပြောင်းအလဲအတွက် တောင်းဆိုနေတဲ့ ပြည်သူတွေဘက် ရပ်တည်ပေးနိုင်ရန် အစိုးရအနေဖြင့် နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒီယက်က ပြောခဲ့သည်။ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ပြီးခဲ့သည့် သီတင်ပတ်က ပေါက်ကွဲမှုကြီး နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၅၈ ဦးထက်မနည်းသေဆုံးကာ ၆,၀၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

လက်ရှိ အာဏာရပါတီအနေဖြင့် ဘေရွတ် ဆိပ်ကမ်းတွင် ပေါက်ကွဲမှုကြီးများ ဖြစ်ပွားစေခဲ့သော အမိုနီယံနိုက်ထရိတ် ပမာဏများစွာ သိုလှောင်ခဲ့သည်ကို လစ်လျူရှုခြင်းနှင့် တာဝန်မဲ့ပြုမူခြင်း အဖြစ် လက်ဘနွန်ပြည်သူများ၏ အပြင်းအထန်ဝေဖန်ပြစ်တင်မှုခံနေရသည်။  (Xinhua)