Connect with us

North America

ဒေါ်နယ်ထရမ့်၏ သားဖြစ်သူက ရုရှားရှေ့နေ နှင့်တွေ့ဆုံခဲ့ခြင်းအပေါ် အမေရိကန်ပြည်သူအများစု မနှစ်မြို့

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်(ယာ) နှင့် ထရမ့်၏သား Donald Trump Jr.(ဝဲ) တို့ အားနယူးဟမ်းရှိုင်း၌ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲမဲဆွယ် စည်းရုံးရေး အခမ်းအနားတစ်ခုတွင် အတူတကွတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ)

၂ဝ၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကာလအတွင်း ဟီလာရီကလင်တန်အပေါ် ထိခိုက်စေမည့် သတင်းအချက်အလက်များ ပေးရန် ကမ်းလှမ်းခဲ့သည့် ရုရှားနိုင်ငံမှ ရှေ့နေတစ်ဦး အား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သားဖြစ်သူ Donald Trump Jr တွေ့ဆုံခဲ့ခြင်းမှာ သင့်လျော်ခြင်း မရှိသည့် အပြုအမူဖြစ်ကြောင်း အမေရိကန်မဲဆန္ဒရှင်အများစုက ဆိုသည်။

ယခုရက်သတ္တပတ်အတွင်း POLITICO/Morning Consult စစ်တမ်းကောက်ခံမှုအရ အမေရိကန်မဲဆန္ဒရှင် ၅၂ ရာခိုင်နှုန်းက ဒေါ်နယ်ထရမ့်ဂျူနီယာ နှင့် ရုရှားရှေ့နေတို့တွေ့ဆုံမှုမှာ မဖြစ်သင့်ကြောင်း ဖြေကြားခဲ့ပြီး ၂၃ ရာခိုင်နှုန်းမှာမူ အဆိုပါ တွေ့ဆုံမှုမှာ ဖြစ်သင့်ကြောင်း ဖြေကြားခဲ့သည်။

ကျန်ရှိနေသော ၂၅ ရာခိုင်နှုန်းမှာမူ မည်သည့်မှတ်ချက်မှ ပေးခဲ့ခြင်း မရှိကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။ ဒေါ်နယ်ထရမ့်၏ သားဖြစ်သူ ဒေါ်နယ်ထရမ့်ဂျူနီယာ ၊ သမက် ၊ အိမ်ဖြူတော်အကြီးတန်း အကြံပေး နှင့် ထရမ့်၏ ရွေးကောက်ပွဲအောင်နိုင်ရေးမန်နေဂျာ Paul Manafort တို့လေးဦးသည် ပြိုင်ဘက် ဒီမိုကရက်ပါတီမှ ဟီလာရီကလင်တန်၏ သတင်းအချက်အလက်များကို ရယူရန် ရုရှားရှေ့နေ တစ်ဦး နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံမှုကို နယူးယောက်မြို့ရှိ ထရမ့်တာဝန်၌ ၂ဝ၁၆ ခုနှစ် ဇွန်လ ၉ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းတွေ့ဆုံမှုတွင် ရုရှားနွယ်ဖွား အမေရိကန်လော်ဘီတစ်ဦး ၊ စကားပြန်တစ်ဦး ၊ ဆွေးနွေးပွဲဖြစ်မြောက်စေရန် ထရမ့်ဂျူနီယာထံသို့အီးမေးလ်ပေးပို့ညှိနှိုင်းခဲ့သည့် ဗြိတိန်နိုင်ငံသား တစ်ဦးတို့လည်း ပါဝင်ကြောင်း သိရသည်။အမေရိကန်နိုင်ငံ ထောက်လှန်းရေးအဖွဲ့အစည်းက ပြီးခဲ့သော နှစ်တွင် ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် ရုရှားနိုင်ငံမှ ကြားဝင်နှောင့်ယှက်မှုပြုလုပ်ခဲ့သည်ဟု စွပ်စွဲထားသည်။(Xinhua)