Connect with us

Local

မိုဘိုင်းလ်ဖုန်း အလုံးရေ ရှစ်သန်းကျော် ထပ်မံချထားပေးမည်

မိုဘိုင်းလ်ဖုန်းသုံးစွဲနေသူတစ်ဦးအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မိုဘိုင်းလ်ဖုန်း သုံးစွဲနေသူတစ်ဦးအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ယခုနှစ်အတွင်း ငွေကျပ် ၁၅ဝဝ တန် GSM နှင့် WCDMA ဖုန်းအလုံးရေ ၈,ဝ၅၅,၃ဝဝ ကိုထပ်မံချထားပေးမည် ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနထံမှ သိရသည်။

တယ်လီဖုန်း သိပ်သည်းဆ ပိုမိုတိုးမြင့် လာရေးအတွက် ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း အော်တို တယ်လီဖုန်း အလုံးရေ ၁၈,၃၄ဝ ကိုလည်း ချပေးမည်ဖြစ်ပြီး မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်းအနေဖြင့် အင်တာနက် အီးမေးလ်လိုင်း ၁၂,၆၈၅,၆၄၅ ခုနှင့် ဖိုက်ဘာဆက်ကြောင်း ၂၄၄ ခုတို့ကို ထပ်မံတိုးချဲ့ ဆောင်ရွက်မည် ဖြစ်သည်။

၂ဝ၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင် ချထားပေးမည့် ဆင်းကတ်များကို 3G ကွန်ရက် အပြည့်အဝ ရရှိရန် လုပ်ဆောင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သတင်းထုတ်ပြန်ချက် အရသိရသည်။

Backbone ဖိုက်ဘာဆက်ကြောင်း ၂,၄ဝ၁ ကီလိုမီတာ နှင့် ပြည်ပတယ်လီဖုန်း ဆက်သွယ်ရေးလိုင်း ၉,၉၉၄ ခုကိုထပ်မံ တပ်ဆင်မည် ဖြစ်ပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် အတွင်း တယ်လီဖုန်း တပ်ဆင်ပြီးသည့်မြို့ ၃၆ဝ ရှိရန် လျာထားကြောင်း အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ သိရသည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် အတွင်းလူ ၁,ဝဝဝ လျှင် ၅၃၅ ဦးဖုန်းအသုံးပြု နိုင်ရန်နှင့် လူ ၁,ဝဝဝ လျှင် ၃၄၈ ဦး အင်တာနက် အသုံးပြု နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)