Connect with us

MYANMAR

COVID-19 ရောဂါတွေ့ရှိမှုရာခိုင်နှုန်းမှာ ၁၀ ရက်အတွင်း ၂.၅ ရာခိုင်နှုန်းအောက်သို့ ကျဆင်းလာကြောင်းဆို

နှာခေါင်းစည်းဖြင့် ဈေးရောင်းနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ယနေ့ COVID-19 ဓာတ်ခွဲအတည်ပြုလူ ၃၆၃ဦး ရှိပြီး ရောဂါတွေ့ရှိမှုရာခိုင်နှုန်းမှာ ၁၀ရက်အတွင်း ၂.၅ ရာခိုင်နှုန်းအောက်သို့ ကျဆင်းလာကြောင်း၊ ရှေ့ဆက်၍ ပိုးတွေ့မှုကျဆင်းနိုင်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ဇန်နဝါရီ ၂၉ ရက်တွင်ပြောသည်။

“ရှေ့ဆက်ပြီး ပိုးတွေ့မှုနှုန်း ကျဆင်းနိုင်တယ်ဆိုပေမယ့် ကျွန်တော်တို့ တစ်ခုသတိထားရမှာက ပြည်သူတွေရဲ့ လိုက်နာမှုအားနည်းရင် တော့ ပိုးတွေ့နှုန်းက ဆက်တက်လာနိုင်တယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဆက်ပြီးလိုက်နာဖို့လိုပါတယ်’’ ဟု ၎င်းကဆိုသည်။
ယနေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၁၃၉,၅၁၅ဦးရှိပြီဖြစ်ပြီး၊ ယနေ့သေဆုံးလူနာ ၁၂ ဦးရှိကာ ယနေ့အထိ သေဆုံးသူစုစုပေါင်း ၃၁၁၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ယနေ့ ဆေးရုံဆင်းခွင့်ရှိသူ ၅၀၈ဦးရှိပြီး ယနေ့အထိ ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း ၁၂၄,၀၆၄ ဦးရှိပြီဖြစ်ကြောင်း၊ လွန်ခဲ့သော ၂၄ နာရီ အတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၈,၂၇၁ ခုအားစစ်ဆေးခဲ့ပြီး ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း၂,၃၅၇,၇၄၃ ခု စစ်ဆေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

COVID-19 အတည်ပြုလူနာ တွေ့ရှိမှု ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း COVID-19 ရောဂါပိုးကူးစက်ပျံ့နှံ့မှုအား ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ Coronavirus Disease (COVID-19) ကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် ထုတ်ပြန်ထားသည့် ပြည်သူသို့ပန်ကြားချက် အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့/တိုးမြှင့်ရန် လိုအပ်သည့် ကိစ္စရပ်များမပါ)အား ဖေဖော်ဝါရီ ၂၈ ရက်ထိရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်ထားကြောင်း Coronavirus Disease (COVID-19) ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ အသိပေးကြေညာချက် ကို ယနေ့ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။ (Xinhua)