Connect with us

Politics, Law & Military

မြန်မာ ရေပိုင်နက်၌ ဖမ်းမိသော ဘင်္ဂလီလူမျိုး ၂၀၀ ကျော်ကို ယာယီစခန်း ဖွင့်လှစ်ကာ စိစစ်မှုများ ဆောင်ရွက်


ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)

မောင်တောမြို့နယ်၊ သင်္ဘောကွေ့ကျေးရွာ အနောက်ဘက် ရေမိုင် (၄) မိုင်ခန့်အကွာ ပင်လယ်ပြင်၌ ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂလီလူမျိုး ဒုက္ခသည် ၂၀၈ ဦးကို ရခိုင်ပြည်နယ် အလယ်သံကျော် ကျေးရွာရှိ အာရ်ဗီကျောင်းတွင် ယာယီစခန်း ဖွင့်ကာ စိစစ် ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ ပြောကြားသည်။

အဆိုပါ ပင်လယ်ပြင်အတွင်း ဖမ်းဆီးရမိသည့် ဘင်္ဂလီများကို ယနေ့ နံနက် ၂ နာရီတွင် အငူမော် ကျေးရွာမှ တစ်ဆင့် အလယ်သံကျော် ကျေးရွာသို့ ခေါ်ဆောင်ကာ ရခိုပြည်နယ် အစိုးရအဖွဲ့မှ ယာယီစခန်းများ ဖွင့်လှစ်ပြီး လိုအပ်သည့် လူသားချင်း စာနာမှုများ အကူအညီများပေး ဆောင်ရွက်ခြင်းနှင့် လိုအပ်သည့် စိစစ်မှုများ စီစဉ်ဆောင်ရွက် နေကြောင်း ၎င်းက ဆိုသည်။

ပင်လယ်ပြင်အတွင်း ဖမ်းဆီးရမိသည့် စက်လှေပေါ်မှ ဘင်္ဂလီလူမျိုး ဒုက္ခသည်များ (ဓာတ်ပုံ- ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်)
မြန်မာ ရေပိုင်နက်အတွင်း မေလ ၂၁ ရက်နေ့ ညနေ ၃ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ပါဝင်သည့် စက်လှေ တစ်စီးနှင့် လူ လိုက်ပါလာခြင်းမရှိသည့် စက်လှေတစ်စီးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ စက်လှေပေါ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဒုက္ခသည် (၂၀၈) ဦးပါရှိပြီး အသက် ၁၄ နှစ်ခန့် ၁၀ ဦးခန့်နှင့် ကျန်လူများမှာ အသက် ၃၀ နှင့် ၄၀ ကြားဖြစ်ကြောင်း၊ လှေသမား (၉) ဦးနှင့် စကားပြန် ဘင်္ဂလီ (၂) ဦးတို့လည်း ပါရှိပြီး စုစုပေါင်း (၂၁၉) ဦး ဖမ်းမိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
ယင်း ဖမ်းမိထားသော လူများသည် ကော့ဘဇား၊ စစ်တကောင်း၊ ဒါကာ မြောက်ခြမ်းတွင် နေထိုင်သူ များ ဖြစ်ကြောင်း သိရသည်။
စက်လှေ ပိုင်ရှင်မှာ ထိုင်းနိုင်ငံ ရနောင်းမြို့နေ အုမင့် ဆိုသူဖြစ်ကြောင်း၊ ရနောင်းမြို့မှ ဧပြီလ (၈) ရက်နေ့တွင် ထွက်ခွာခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ကို ဧပြီလ (၁၃) ရက်နေ့တွင် ရောက်ရှိပြီး ဧပြီလ (၂၀) ရက်နေ့မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက် အုန်းကျွန်း အနောက်ဘက် (၄) မိုင်ခန့်အကွာတွင် ရပ်တန့်ထားခဲ့ ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများမှ လှေငယ်များဖြင့် စက်လှေသို့ အဖွဲ့လိုက် ရောက်ရှိခဲ့ကြောင်း၊ အုန်းကျွန်းမှ ပြန်လည် ထွက်ခွာခဲ့ပြီးနောက် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား တို့တွင် ပင်လယ်ပြင် စစ်ဆေးမှုများ ရှိနေသဖြင့် မေလ (၁၅) ရက်နေ့တွင် နောက်ကြောင်း ပြန်လှည့် မောင်းနှင်လာစဉ် မြန်မာ့ ရေပိုင်နက်သို့ ရောက်ရှိပြီး ယခုကဲ့သို့ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)