Connect with us

Politics, Law & Military

စစ်မှန်သော ပြောင်းလဲမှုကို လိုလားလျှင် ပြည်ခိုင်ဖြိုးပါတီနှင့် လက်တွဲလုပ်ဆောင်ရန် အငြိမ်းစား ဗိုလ်ချုပ်ကြီး လှဌေးဝင်းဆို

နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ကျင်းပသော လူထု တွေ့ဆုံ ဟောပြောပွဲတွင် ဇေယျာသိရီမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် အငြိမ်းစား ဗိုလ်ချုပ်ကြီး လှဌေးဝင်း မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

၂၀၁၅ ရွေးကောက်ပွဲတွင် စစ်မှန်သော ပြောင်းလဲမှုကို လိုလားလျှင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် လက်တွဲလုပ်ဆောင်ပြီး ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖော်ဆောင်မှုတွင် အတူပါဝင်ရန် ကြိုဆိုကြောင်း ဇေယျာသိရီမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် အငြိမ်းစား ဗိုလ်ချုပ်ကြီး လှဌေးဝင်းက ယနေ့ ပြောကြားလိုက်သည်။

ပြောင်းလဲဖို့အချိန်တန်ပြီဟု ပြောဆိုဝေဖန် နေမည့်အစား အတူ ပူးပေါင်း လုပ်ဆောင်ရန် ကြိုဆိုကြောင်း ယနေ့ နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ကျင်းပသော လူထု တွေ့ဆုံ ဟောပြောပွဲတွင် ၎င်းက ပြောကြား လိုက်သည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ကျင်းပသော လူထု တွေ့ဆုံ ဟောပြောပွဲ အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် အတွင်းရှိ မြို့နယ် ၈ မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ဥတ္တရ သီရိမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှသိန်းဆွေ၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ လွှတ်တော် နေရာမှ ကိုယ်စားလှယ်လောင်း ဦးမြတ်ဟိန်း၊ ပုဗ္ဗသီရိမြို့မှ ပြည်သူ့လွှတ်တော် နေရာမှ ကိုယ်စားလှယ်လောင်း ဦးဝေလွင်၊ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော် နေရာမှ ကိုယ်စားလှယ်လောင်း ဦးဇင်ယော်၊ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် နေရာမှ ကိုယ်စားလှယ်လောင်း ဦးမောင်ဦး၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော် နေရာမှ ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းဝင်းသီ၊ မဲဆန္ဒနယ် အမှတ်(၉) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဌေး၊ မဲဆန္ဒနယ် (၁၀) အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမှတ်ကြီးနှင့် ဇေယျာသိရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှဌေးဝင်းတို့ ယနေ့ လူထုနှင့် တွေ့ဆုံပြီး မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့သည်။ ဇေယျာသီရိမြို့နယ် ပြည့်စံအောင်ရပ်ကွက်တွင် ယနေ့ ပြုလုပ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ်စည်းရုံးရေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီဝင် ငါးထောင်ကျော် တက်ရောက်ခဲ့သည်။ (Xinhua)