Connect with us

Politics, Law & Military

တရုတ်-မြန်မာရောဂါတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုကို အကြောင်းပြပြီး တရုတ်နိုင်ငံကို နာမည်ဖျက်ရန်ကြိုးပမ်းသည့် အမေရိကန်၏ လုပ်ရပ်မှာ အောင်မြင်နိုင်မည်မဟုတ်ဟုဆို

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး အဆောက်အဦအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) 

အမေရိကန်နိုင်ငံက တရုတ်-မြန်မာရောဂါတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုကို အကြောင်းပြပြီး တရုတ်နိုင်ငံကို နာမည်ဖျက်ရန်ကြိုးပမ်းမှုသည် အောင်မြင်နိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံရုံးယာယီတာဝန်ခံ George N. Sibley ၏ ဇူလိုင် ၁၈ ရက်တွင် မြန်မာနိုင်ငံ ၌ ဆောင်းပါးဖော်ပြခဲ့မှုအပေါ် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက ဝေဖန်ပယ်ချကြောင်း ပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက “ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် အကူအညီမည်မျှထောက်ပံ့ပေးခဲ့ပါသလဲ။ COVID-19 ကာလအတွင်း၌ အမေရိကန်က မြန်မာနိုင်ငံထံ ထောက်ပံ့ကူညီမှုများပေးအပ်မည်ဟု ကြိမ်ဖန်များစွာကြေညာခဲ့သော်လည်း ယင်းတို့သည် “အကောင်အထည်မဖော်သည့်ကတိစကား” များသာဖြစ်ကြောင်း ၊ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအတွက် နှာခေါင်းစည်းဘယ်နှခု၊ စမ်းသပ်ကိရိယာဘယ်နှစုံ၊ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ (PPE) ဘယ်နှစုံ လှူဒါန်းပေးခဲ့ပါသလဲ။ တရုတ်နိုင်ငံကအမြဲတစေ မြန်မာနိုင်ငံနှင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွားကာ စေတနာစိတ်ရင်းအမှန်ဖြင့် မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးတွင် ကူညီပေးခဲ့ကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက အမေရိကန်၏ အချို့သူများက တရုတ်-မြန်မာဆက်ဆံရေးကို ကဲ့ရဲ့သွေးခွဲသည့် လုပ်ရပ်သည် အချည်းနှီးသာဖြစ်ပြီး အောင်မြင်မည်မဟုတ်ကြောင်း ၊ မိမိတို့သည် မြန်မာနိုင်ငံ နယ်ပယ်အသီးသီးနှင့်အတူတကွလက်တွဲကာ တရုတ်-မြန်မာရွှေလမ်းငွေလမ်းပေါ်တွင် လျှောက်လှမ်းပြီး ခေတ်သစ်တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှု စာမျက်နှာသစ်ကို အတူဖွင့်လှစ်ရေးသားသွားမည်ဖြစ်ကြောင်း တုံ့ပြန် ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံအစိုးရ၊ တပ်မတော်၊ ကုမ္ပဏီ၊ အရပ်ဘက်အဖွဲ့အစည်းများက မြန်မာနိုင်ငံထံ စမ်းသပ်စစ်ဆေးရေးပစ္စည်း ၂ သိန်းကျော်၊ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ (PPE) အစုံရေ ၆ သောင်းနီးပါး ၊ နှာခေါင်းစည်းအခုရေ ၆၅ သိန်းကျော်နှင့် အသက်ရှူစက် ၃၅ လုံးအပါအဝင် ရောဂါတိုက်ဖျက်ပစ္စည်းများကို အသုတ်များစွာပို့ဆောင်လှူဒါန်းပေးခဲ့ကြောင်း ၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ဆေးဖက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့ ၃ ဖွဲ့စေလွှတ်ပြီး ရောဂါတိုက်ဖျက်ရေးအတွေ့အကြုံများ မျှဝေကာ မြန်မာနိုင်ငံက ရောဂါကာကွယ်ထိန်းချုပ်ရေးစွမ်းရည်နှင့် အရည်အချင်းတိုးမြှင့်ရေးအတွက် ကူညီပေးခဲ့ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက ထည့်သွင်းပြောကြားခဲ့သည်။  (Xinhua)