Connect with us

Politics, Law & Military

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တွေ့ဆုံဆွေးနွေး 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ရင်းနှီးစွာ လက်ဆွဲနှုတ်ဆက်စဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့သည် ဒီဇင်ဘာ ၇ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက လာမည့်နှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထားရှိသည့် နှစ် ၇၀ပြည့်အခါသမယဖြစ်ရာ အထိမ်းအမှတ်ပွဲများကို ဆောင်ရွက်ရန် စီစဉ်သွားသင့်ကြောင်း ၊ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိဆက်ဆံရေးကို စီစဉ်ရေးဆွဲကာ ကုန်သွယ်စီးပွား ၊လူမှုရေးယဉ်ကျေးမှု စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို ဘက်စုံတွန်းအားပေးဆောင်ရွက်ပြီး  ဆွေမျိုးပေါက်ဖေါ်ချစ်ကြည်ရေးတိုးပွားစေရန် ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးကို ထဲထဲဝင်ဝင် ဆောင်ရွက်ကာ လက်တွဲ၍ ကံတူအကျိုးပေး အသိုက်ဝန်းတည်ဆောက်ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ) 

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာစီးပွားရေးစင်္ကြံတည်ဆောက်မှု အစီအစဉ်ကို လက်တွေ့ကောင်အထည်ဖော်တည်ဆောက်သွားရန် တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအတူ တည်ဆောက်သည့် ရပ်ဝန်းနှင့်ပိုးလမ်းမ အမှတ်လက္ခဏာစံပြစီမံကိန်းအဖြစ်ဆောင်ရွက် သွားလိုကြောင်းပြောကြားခဲ့သည်။ 

အခြေခံအဆောက်အဦအပြန်အလှန်ဆက်သွယ်မှုသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ပင်မအဓိက ဖြစ်ရာ သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို နှစ်ဖက်အတူ ခိုင်မာစွာဆောင်ရွက်သွားသင့်ကြောင်း ၊ ကျောက်ဖြူစီးပွားရေးဇုန်၊ တရုတ်-မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်စသည့်စီမံကိန်းများကို နှစ်ဖက်တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံအသီးသီး တန်းတူညီမျှဆက်ဆံကို အစဉ်လက်ကိုင်ထားကာ  အခြားနိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းအား ဆန့်ကျင်သလို  နှစ်ဦးနှစ်ဖက်အရေးကိစ္စများတွင် ရှုပ်ထွေးအောင်ဝင်ရောက်လုပ်ဆောင်မှုကိုလည်း လက်မခံပါကြောင်း ၊ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ခြင်းသည် ငြိမ်းချမ်းရေးအင်အားတိုးပွားခြင်းဖြစ်ရာ ကမ္ဘာ့နိုင်ငံအသီးသီး အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများအတွက် ဖွံ့ဖြိုးရေးအခွင့်အလမ်းများ သယ်ဆောင်ပေးခြင်းဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ပြည်သူများနှင့်အတူ ခိုင်မာစွာအတူရပ်တည်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းခြင်း၊ ပြည်ပဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ခြင်း ၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးစသည့် ကဏ္ဍများတွင်  တရုတ်နိုင်ငံက ထောက်ခံကူညီပေးသည့်အတွက် ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံသံတမန်ဆက်ဆံရေးတည်ထောင်သည့် နှစ် ၇၀ ပြည့်အခါသမယဖြစ်သည့် လာမည့်နှစ်တွင် အဆင့်မြင့်အရာရှိ ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်ပြီး ရပ်ဝန်းနှင့်ပိုးလမ်းမ အတူတည်ဆောက်ကာ မြန်မာ-တရုတ်စီပွားရေးစင်္ကြံကို ဖွံ့ဖြိုးအောင် ဆောင်ရွက်၍ ကဏ္ဍအသီးသီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ အောင်မြင်မှုရလဒ်များပိုမိုရရှိစေရန် တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံအနေဖြင့် မိမိတို့ရင်ဆိုင်နေရသည့် ကိစ္စရပ်များကို လုံး၀ဖြေရှင်းနိုင်ကြောင်း ၊  နိုင်ငံတကာနှင့်ဒေသရေးရာ ကိစ္စရပ်များတွင် တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းဆွေးနွေးကာ ကုလသမဂ္ဂပဋိညာဉ်စာချုပ်  ပါအတိုင်း ရည်ရွယ်ချက်နှင့်မူဝါဒများကို ကာကွယ် သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)