Connect with us

MYANMAR

မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး ထိုးနေပြီဖြစ်သော်လည်း လုံးဝမပေါ့ဆသင့်ကြောင်းဆို

နှာခေါင်းစည်းဖြင့် သွားလာနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ယနေ့ COVID-19 ဓာတ်ခွဲအတည်ပြုလူ ၃၄၉ ဦး ရှိပြီး ရောဂါတွေ့ရှိမှုရာခိုင်နှုန်းမှာ ၂.၁ ရာခိုင်နှုန်းရှိကြောင်း၊ မြန်မာနိုင်ငံတွင် COVID-19ရောဂါ ကာကွယ်ဆေး စတင်ထိုးနေပြီဖြစ်သော်လည်းလုံးဝမပေါ့ဆသင့်ကြောင်း မြန်မာနိုင်ငံတွင်ရှိသော လူဦးရေ ၇၀ ရာခိုင်နှုန်း လူဦးရေအားဖြင့် အနည်းဆုံး သန်း ၃၀ခန့်ကာကွယ်ဆေးထိုးပြီး မှ စိတ်ချရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ဇန်နဝါရီ ၂၉ ရက်တွင်ပြောသည်။

“ကျွန်တော်ခဏခဏ ပြောသလို နှာခေါင်းစည်းတပ်မယ် ခပ်ခွါခွါနေမယ်။ လက်ဆေးမယ်။ လုံးဝပေါ့လို့မရသေးဘူးလို့ပြောချင်ပါတယ်’’ ဟု ၎င်းကဆိုသည်။

ယနေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၁၃၉,၈၆၄ ဦးရှိပြီဖြစ်ပြီး၊ ယနေ့သေဆုံးလူနာ ၁၀ ဦးရှိကာ ယနေ့အထိ သေဆုံးသူစုစုပေါင်း ၃၁၂၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ယနေ့ ဆေးရုံဆင်းခွင့်ရှိသူ ၃၇၇ ဦးရှိပြီး ယနေ့အထိ ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း ၁၂၄,၄၄၁ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

COVID-19 အတည်ပြုလူနာ တွေ့ရှိမှု ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း COVID-19 ရောဂါပိုးကူးစက်ပျံ့နှံ့မှုအား ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် နိုင်ငံတကာခရီးသည်တင်လေကြောင်းလိုင်းများ မြန်မာနိုင်ငံကို ပျံသန်းဆင်းသက်ခြင်းအား ဖေဖော်ဝါရီလကုန်အထိ တိုးမြှင့်ကန့်သတ်လိုက်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ယနေ့ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)