Connect with us

Africa & Middle East

ဆီးရီးယားရှိ ကာဒ့်တပ်ဖွဲ့ဝင်များနှင့် အပစ်အခတ်ရပ်စဲရန် အမေရိကန်၏ အဆိုပြုချက်ကို တူရကီငြင်းပယ်

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် စစ်ဆင်ရေးလုပ်ဆောင်နေသည့် တူရကီတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ၊အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံရှိ ကာဒ့်တိုက်ခိုက်ရေးသမားများနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ အဆိုပြုချက်အပေါ် တူရကီနိုင်ငံသမ္မတအာဒိုဂန်က အောက်တိုဘာ ၁၅ ရက် ညနေပိုင်းတွင် ငြင်းပယ်လိုက်ကြောင်း၊ သို့သော် အမေရိကန်နိုင်ငံနှင့်ညှိနှိုင်းဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ဖုန်းဆက်ဆွေးနွေးမှုအတွင်း ဆီးရီးယားရှိ ကာဒ့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPG) နှင့် တူရကီတပ်ဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးတစ်ခုပြုလုပ်ရန် ထရမ့်က အဆိုပြုခဲ့ကြောင်း နှင့်  ၎င်းအဆိုပြုချက်ကိုဆွေးနွေးရန် ဆီးရီးယားရှိ ကာဒ့်တပ်ဖွဲ့သည် တူရကီနိုင်ငံသို့ကိုယ်စားလှယ်တစ်ဖွဲ့ကို စေလွှတ်ရန်ရှိကြောင်း သတင်းသမားများနှင့်တွေ့ဆုံစဉ် အာဒိုဂန်က ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန်ဒုတိယသမ္မတမိုက်ပန့်ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့တစ်ခုသည် အောက်တိုဘာ ၁၆ ရက်တွင် တူရကီနိုင်ငံသို့ရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်း ၊ သို့သော် တူရကီအနေဖြင့် YPG ကာဒ့်တပ်ဖွဲ့နှင့် ပထမဉီးစွာအပစ်အခတ်ရပ်စဲရေးပြုလုပ်ရန်ကိုမူ လက်ခံလိမ့်မည်မဟုတ်ကြောင်း အာဒိုဂန်က ဆိုသည်။

“ အခြားပြဿနာရပ်တွေကို ဆွေးနွေးညှိနှိုင်းမှုမပြုလုပ်ရသေးခင် အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ကြေညာမှာ မဟုတ်ဘူးလို့ သမ္မတထရမ့်ကို ကျွန်တော်ပြောလိုက်တယ်၊ သဘောတူညီချက်ရဖို့အရင်လုပ်ရမယ် ။ အဲဒီနောက်မှာမှ ရေတိုအပစ်အခတ်ရပ်စဲရေးအတွက် စကားပြောမယ် ” ဟု အာဒိုဂန်၏ ပြောကြားချက်ကိုကိုးကား၍ တူရကီနိုင်ငံပိုင်ရုပ်သံက ဖော်ပြခဲ့သည်။

တူရကီစစ်တပ်သည် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် အကြမ်းဖက်အဖွဲ့များ ရှင်းလင်းချေမှုန်းရေး လုပ်ဆောင်နေကြောင်း ၊ တူရကီနယ်စပ်တွင် တပ်စွဲထားသည့် ဆီးရီးယားတရားမဝင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကာဒ့်အလုပ်သမားပါတီ(PKK) ၏ တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားသည့်အချိန်ထိ တူရကီသည် YPG နှင့်အပစ်အခတ်ရပ်စဲရေးကြေညာလိမ့်မည်မဟုတ်ကြောင်း အာဒိုဂန်က ဆိုသည်။

တူရကီတပ်ဖွဲ့သည် ဆီးရီးယားမြောက်ပိုင်း၌ စစ်ဆင်ရေး လုပ်ဆောင်ခဲ့ပြီးနောက် YPG တပ်ဖွဲ့သည် လျင်လျင်မြန်မြန်အရေးနိမ့်နေခဲ့ရာ ကာဒ့်တို့အပေါ် ထပ်မံတိုက်ခိုက်မှုမပြုလုပ်ရေး ဖိအားပေးမှုတစ်ရပ်အနေဖြင့် အမေရိကန်က တူရကီအား အောက်တိုဘာ ၁၄ ရက်တွင် ပိတ်ဆို့အရေးယူမှုပြုလုပ်ခဲ့သည်။

အဆိုပါပိတ်ဆို့မှုအပေါ် “ ဘယ်လိုဒဏ်ခတ်ပိတ်ဆို့မှုမျိုးကိုမှ ကျွန်တော်တို့မစိုးရိမ်ပါဘူး ” ဟု တူရကီသမ္မတ အာဒိုဂန်က တုံ့ပြန်ပြောကြားခဲ့သည်။

“ အဆုံးသတ်မှာ အဲဒါက ဆီးရီးယားနိုင်ငံရဲ့ပိုင်နက်နယ်မြေပဲလေ။ ဒါပေမယ့် အဲဒီမြို့မှာရှိနေတဲ့ YPG ကာဒ့်တပ်ဖွဲ့တွေကို ရှင်းလင်းသုတ်သင်ဖို့က တူရကီအတွက် သိပ်ကို အရေးကြီးပါတယ်”ဟု အာဒိုဂန်က ပြောကြားခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.