Connect with us

Africa & Middle East

အမေရိကန် နှင့် ညွန့်ပေါင်းတပ်ဖွဲ့ဝင်များ ၁၄ လအတွင်း အာဖဂန်မှ ထွက်ခွာရန် ပူးတွဲကြေညာချက်ထုတ်ပြန်

အာဖဂန်နစ္စတန်နိုင်ငံသမ္မတ မိုဟာမက်အက်စ်ရက်ပ်ဂါနီ မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ မတ် ၁ ရက်(ဆင်ဟွာ)

လာမည့် ၁၄ လအတွင်း အမေရိကန် နှင့် ညွန့်ပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာသွားရေး အခြေခံထားသည့် သဘောတူညီချက်တစ်ခုကို အာဖဂန်နစ္စတန်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့အကြား သဘောတူညီမှုရရှိခဲ့ကြောင်း အာဖဂန်သမ္မတ မိုဟာမက်အက်စ်ရက်ပ်ဂါနီ(Mohammad Ashraf Ghani) က ဖေဖော်ဝါရီ ၂၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

“ ဒီနေ့မှာ အမေရိကန်နဲ့အာဖဂန် နိုင်ငံတို့ ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်ပါတယ်။ ဒီကြေညာချက်အပေါ်အခြေခံပြီး အာဖဂန်ပြည်သူအားလုံးအတွက် သေချာမယ့် ရေရှည်ငြိမ်းချမ်းရေးတစ်ခု ဖြစ်လာမှာပါ” ဟု အာဖဂန်နစ္စတန်နိုင်ငံသို့ ရောက်ရှိနေသည့် နေတိုးညွန့်ပေါင်းတပ်ဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg နှင့် အမေရိကန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mark Esper တို့နှင့်အတူ ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဂါနီက ပြောကြားခဲ့ခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်နိုင်ငံသမ္မတ မိုဟာမက်အက်စ်ရက်ပ်ဂါနီ မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ကာတာနိုင်ငံ ဒိုဟာမြို့၌ ဖေဖော်ဝါရီ ၂၉ ရက်တွင် အမေရိကန် နှင့် တာလီဘန် တို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဂါနီက အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

“ ပထမဆုံးအကြိမ်ပါပဲ ။ နိုင်ငံခြားတပ်ဖွဲ့ဝင်တွေအားလုံး ရုပ်သိမ်းသွားဖို့ ကျွန်တော်က ဦးဆောင်ဦးရွက် လုပ်ခဲ့တာပါ ” ဟု ပူးတွဲကြေညာချက်ထုတ်ပြန်ပြီးနောက် ဂါနီက ဆိုသည်။

အဆိုပါကြေညာချက်အရ သဘောတူလက်မှတ်ရေးထိုးသည့်နေ့မှစတင်၍ ရက်ပေါင်း ၁၃၅ ရက်အတွင်း လက်ရှိ အာဖဂန်နစ္စတန်နိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်တပ်ဖွဲ့ဝင် ၁၂,၀၀၀ -၁၃,၀၀၀ အကြား ယင်းတို့အနက်မှ ၈,၆၀၀ ဦး ရုပ်သိမ်းသွားရမည်ဖြစ်သည်။

အမေရိကန် – တာလီဘန် သဘောတူညီချက် နှင့် ပူးတွဲကြေညာချက်အရ ကျန်ရှိနေသော အမေရိကန် နှင့် ညွန့်ပေါင်းတပ်ဖွဲ့ဝင်များအားလုံးသည် ၁၄ လတာကာလအတွင်း အာဖဂန်နစ္စတန်နိုင်ငံမှ အပြီးအပြတ် ထွက်ခွာပေးသွားရမည်ဟု ဆိုသည်။

အမေရိကန်-တာလီဘန် သဘောတူညီချက်တွင်  အာဖဂန်အစိုးရနှင့်တာလီဘန်တို့အကြား စတင်ဆွေးနွေးမှု intra-Afghan negotiations အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။ 

အာဖဂန်နစ္စတန်နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေဖြင့် တာလီဘန်အဖွဲ့ဝင်များ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချထားခြင်းကို ပယ်ဖျက်ပေးရန် သံတမန်နည်းလမ်းများအရ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။  (Xinhua)