Connect with us

Politics, Law & Military

၂၁ရာစု ညီလာခံကို အပြန်အလှန် ယုံကြည်မှု၊ ညီညွတ်မှုဖြင့် ဝိုင်းဝန်းကူညီရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

နိုင်ငံတော ်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

၂၁ ရာစု ငြိမ်းချမ်းရေး ညီလာခံ အောင်မြင်ရေးအတွက် တစ်ယောက် နှင့် တစ်ယောက် အပြန်အလှန် ယုံကြည်မှု၊ ညီညွတ်မှုတို့ဖြင့် ဝိုင်းဝန်းကူညီကြရန် နိုင်ငံတော ်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ယနေ့နံနက် ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးတွင် တောင်းဆို ပြောကြားခဲ့သည်။

“ဒီဆွေးနွေးပွဲကို ရောက်လာကြတဲ့ ည်ီအစ်ကို မောင်နှမ များအားလုံး အတိတ်တုန်းက အဆိုးတွေကို ပယ်ဖျက်ပြီးတော့ အနာဂတ်ကို ချီတက်တဲ့ နေရာမှာ တစ်ယောက်နဲ့ တစ်ယောက် ညီညီညွတ်ညွတ် ယုံယုံကြည်ကြည် နဲ့ ချီတက်နိုင်အောင်လို့ ဘယ်လို လုပ်နိုင်မလဲ ဆိုတာကို ဝိုင်းပြီးတော့ စဉ်းစားပေးကြပါ။ အစကတည်းက အောင်မြင်နိုင်မယ် ဆိုတဲ့ စိတ်နဲ့ ဒီပြဿနာကို ချဉ်းကပ်ပေးပါ။ ကျမတို့ နိုင်ငံအတွက် ငြိမ်းချမ်းရေး မရှိခြင်းက ပြဿနာပဲ။ ဒီ ပြဿနာကို ချဉ်းကပ်တဲ့ နေရာမှာ ငါတို့တွေ အားလုံး ဒီပြဿနာကို ကျော်လွှားနိုင်တယ်ဆိုတဲ့ ယုံကြည် ချက်နဲ့ ဝိုင်းဝန်းပြီးတော့ ကူညီကြပါလို့ ဒီနေရာ ကနေပြီး တော့ မေတ္တာ ရပ်ခံချင်ပါတယ်။ “ဟု ၎င်းက ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးမြင်ကွင်း (ဆင်ဟွာ)

ထို့အပြင် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး မရှိရခြင်း အကြောင်းမှာ ပြည်ထောင်စုသားအားလုံး၏ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်သောကြောင့် ဖြစ်ပြီး ငြိမ်းချမ်းရေး၏ အနှစ်သာရကို လွတ်လပ်ရေး ရကတည်းက မရရှိခဲ့ကြောင်း နှင့် ရေရှည် ငြိမ်းချမ်းရေး မရှိခြင်းသည် နိုင်ငံ စီးပွားရေးကို ပြိုလဲစေနိုင်သဖြင့် ရေရှည် ငြိမ်းချမ်းရေး ရရန် ဘုံသဘောတူညီချက်တစ်ခုဖြင့် အတူ ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့သည်။
“ငြိမ်းချမ်းရေး ရှိမှ ကျမတို့ရဲ့ ပြည်သူလူထုရဲ့ စိတ်နှလုံးချမ်းသာနိုင်မှာ ပါ။ကျမတို့ ပြည်သူလူထု တိုးတက်နိုင် မှာပါ။ ရေရှည်မှာ ငြိမ်းချမ်းရေး မရှိဘဲနဲ့ ဘယ်လိုစီးပွားရေး တိုးတက်မှုကို မှ ကျမတို့ ထိန်းထားနိုင်မှာ မဟုတ်ပါ ဘူး။ စီးပွားရေး ဘက်က ဘယ်လောက်ပဲ တိုးတက်တိုးတက် ငြိမ်းချမ်းရေး ပြိုပြီဆိုတာနဲ့ တိုးတက်မှုကလည်း ပြိုသွားနိုင်ပါတယ်။ အဲ့တော့ ကျမတို့ အတွက် အဓိက အရေးကြီးတာက ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးက အရေးကြီးတယ် ဆိုလို့ စီးပွားရေး တို့ လူမှု ဖွံ့ဖြိုးရေးတို့ တို့ကို လျစ်လျူရှု ထားမယ်လို့တော့ မဟုတ်ပါဘူး။ ဒါဟာ တစ်ချိန်တည်းမှာ လုပ်သွားရမယ့် ကိစ္စပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့နိုင်ငံ ငြိမ်းချမ်းရေး မရခြင်းရဲ့ အကြောင်းရင်း တခုကလည်း ကျမတို့ရဲ့ ပြည်ထောင်စု သားများအားလုံး ရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ကို မဖြည့်ဆည်းပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါတွေကိုလည်း ဖြေရှင်းဖို့ စဉ်းစားရမယ်။ နိုင်ငံရေးအရလည်း ကျမတို့အားလုံးဟာ ဘုံသဘောချက် တစ်ခုနဲ့ လမ်းကြောင်းကို လျှောက်သွားရမယ်” ဟုလည်း ပြောခဲ့သည်။
ပြည်ထောင်စုသားများ၏ ဘုံသဘောတူညီချက်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ပြောသည်။
“ဘုံသဘောတူညီချက်က ရိုးရိုးလေးပါပဲ။ တကယ်ကို စစ်မှန်ပြီးတော့ ခိုင်မာတဲ့ ပြည်ထောင်စု တစ်ခု ကျမတို့ တည်ဆောက် ချင်တာဖြစ်ပါတယ်။ဒီလို ပြည်ထောင်စု တစ်ခု တည်ဆောက်ဖို့ဆိုတာ ကျမတို့တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံး ရဲ့ သဘောထား နဲ့ ထောက်ခံမှု ပါဖို့ဆိုတာက အဓိကကျ ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘာပဲလုပ်လုပ် ၁၀၀ရာခိုင်နှုန်း တစ်သဘောတည်း ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျမတို့ လူသားများရဲ့ သဘာဝပါပဲ ။ ဒါလည်းကောင်းပါတယ်။ တစ်သဘောထားတည်းဆိုရင် ကျယ်ကျယ်ပြန့်ပြန့် မရှိ နိုင်ပါဘူး။ ဒါပေမယ့် မတူညီတဲ့ သဘောထားတွေကို ညှိနှိုင်းနိုင်ဖို့ ဆိုတာက လည်း အင်မတန်မှ အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ကျမတို့ အတွက် အပေါင်းလက္ခဏာဆောင်ဖို့ဆိုရင် သဘောထားအမျိုးမျိုးရှိရမယ်။ အမြင် အမျိုးမျိုးရှိရမယ်။ ဒီအမြင်အမျိုးမျိုးဟာ အားလုံး ကိုအကျိုးပြုဖို့ဆိုရင် ဒီအမြင်အမျိုးမျိုးကို ညှိနှိုင်းနိုင်တဲ့ အရည်အချင်း လည်း ကျမတို့မှာ ရှိရပါမယ်။ ညီလာခံဆိုတာ ဒါပါပဲ ။ ညီလာခံ ဆိုတာဟာ အမြင် အမျိုးမျိုးကို ညှိနှိုင်းဖို့ တွေ့ဆုံပွဲ ပဲဖြစ်ပါတယ်။ကျမတို့ရဲ့ပြည်ထောင်စုနဲ့ပတ်သက်လို့ ကျမတို့ နိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သတ် လို့ အမြင် အမျိုးမျိုးရှိတယ်ဆိုတာ သဘာဝကျပါတယ်။ ဒီအမြင် အမျိုးမျိုးကို ညှိနှိုင်းပြီးတော့ ဆက်ပြီး တော့နိုင်ငံသူ နိုင်ငံသားများ အားလုံးရဲ့ ချမ်းသာမှု အတွက် လုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည် အဖွင့် စကားပြောကြားပြီးသည့်အခါ UPDJC ဒုတိယ ဥက္ကဋ္ဌ (၁) ဖြစ်သည့် ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယဥက္ကဋ္ဌ (၂) လည်း ဖြစ်၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ လည်း ဖြစ်သည့် ဒေါက်တာ တင်မျိုးဝင်း၊ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း နှင့် နိုင်ငံရေး ပါတီများ အစုအဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌ ဦးသုဝေတို့က နှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ကျင်းပမည့် နေ့ရက် ကို အတည်ပြု သတ်မှတ်ခြင်း၊ ဖိတ်ကြားမည့်သူများစာရင်းကို အတည်ပြုခြင်း ၊ညီလာခံ တွင် ဆွေးနွေးမည့် အစီအစဉ်များ အတည်ပြုခြင်း ၊ညီလာခံကျင်းပရေး ပူးတွဲကော်မတီ ဖွဲ့စည်းရေး အတည်ပြုခြင်း တို့ကိုဆွေးနွေး ခဲ့ကြကြောင်းနှင့် သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာ ၄ ရက်နေ့အထိ ပြုလုပ်မည့် “၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်သူများ” ဆိုသည့် အသုံးအနှုန်းအစား “ ညီလာခံတက်ရောက်သူများ” ဟု ပြောင်းလဲ သုံးနှုန်းရန် ယနေ့အစည်းအဝေးက အတည်ပြုခဲ့ကြောင်း၊ ညီလာခံတွင် အားလုံး တန်းတူ ပါဝင်နိုင်ရေးအတွက် ပြောင်းလဲခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.