Connect with us

Politics, Law & Military

ရန်ကုန် မြို့တွင်း ဘတ်စ်ကားလိုင်း စနစ်သစ် ပြောင်းလဲမှု စတင်ချိန် အခက်အခဲ တစ်ချို့ ကြုံတွေ့ သော်လည်း မြို့ပြပြည်သူလူထု ကြိုဆိုကြ

ရန်ကုန်မြို့တွင်း စုပေါင်းစနစ်သစ်ဖြင့် ပြေးဆွဲနေသော YBSဘတ်စ်ကားများကိုတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး စနစ်သစ် ဖြစ်သည့် ဘတ်စ်ကားစနစ်သစ်အား ယနေ့ဇန်နဝါရီ ၁၆ ရက်တွင် စတင်ခဲ့ရာ အခက်အခဲ တစ်ချို့ကြုံတွေ့ကြသော်လည်း နယ်ပယ် အသီးသီးရှိ မြို့ပြ ပြည်သူလူထုမှ ပူးပေါင်း ပါဝင်မှုများ ဆောင်ရွက်ခဲ့ပြီး ကြိုဆိုမှုများ ရှိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့(YRTA)မှ ဦးဆောင်ကာ မော်တော်ယာဉ်လိုင်းများအား စုပေါင်း ပြေးဆွဲသည့် စနစ်ဖြင့် ယာဉ်လိုင်း ၇၀ မှ အစီးရေ ၄၀၀၀ ကျော်ဖြင့် ယနေ့ဇန်နဝါရီ ၁၆ ရက်မှ စတင် ဝန်ဆောင်မှု ပေးခဲ့သည်။

စနစ်သစ်ဖြင့် အပြောင်းအလဲ စတင်သည့် ဇန်နဝါရီလ ၁၆ ရက်တွင် မော်တော်ယာဉ်လိုင်းများနှင့် ပတ်သတ်၍ အများပြည်သူ အခက်အခဲများအား ကူညီဆောင်ရွက်ရန် စေတနာ့ ဝန်ထမ်းများ အဖြစ် ကျောင်းသား လူငယ်များ ၊ လူမှု အဖွဲ့အစည်းများ နှင့် လွှတ်တော် ကိုယ်စားလှယ်များမှ ကားမှတ်တိုင်များတွင် ပါဝင် ကူညီ ဆောင်ရွက်ခဲ့ခြင်းများ ရှိသကဲ့သို့ဘက်ပေါင်းစုံမှလည်း ဝိုင်းဝန်း ကူညီမှုများ ပြုလုပ်ခဲ့ကြသည်။

စေတနာ့ ဝန်ထမ်း အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သူ ထွန်းကိုကိုက “နာရေးကူညီမှု အသင်း(ရန်ကုန်)ကနေ စေတနာ့ ဝန်ထမ်း အဖြစ် လာပြီးတော့ ခရီးသွား ပြည်သူများ အတွက် လာရောက် ကူညီခြင်း ဖြစ်ပါတယ်။အတတ်နိုင်ဆုံး အခက်အခဲ မရှိအောင် ကူညီဆောင်ရွက်ပေးနေပါတယ်။စစချင်း ဒီလို ပြောင်းလဲလိုက်တဲ့ပေါ်မှာ အခက်အခဲတွေက အများကြီး ရှိပါတယ်။ဒီအခက်အခဲတွေက ရေရှည်မှာ အားလုံး အဆင်ပြေ ချောမွတ်ဖို့အတွက် ခဏတာ ခက်ခဲမှု လို့ခံယူထားပါတယ်။”ဟု ပြောသည်။

ရန်ကုန်မြို့၌ ဆယ်စုနှစ် ၂ ခုကျော်ကြာ ပြေးဆွဲခဲ့သည့် မော်တော် ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မ.ထ.သ)မှ ဘတ်စ်ကား ယာဉ်လိုင်းများသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်တွင် ဖျက်သိမ်းကာ ဇန်နဝါရီလ ၁၆ ရက်မှ ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့(YRTA)မှ ဦးဆောင်ကာ စုပေါင်း ပြေးဆွဲသည့် စနစ်သစ်ဖြင့် စတင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည်။

ယာဉ်စီးခနှုန်းထားအား သန်လျင် အခြေပြု ယာဉ်လိုင်းများနှင့် မြို့ပြင် ဆက်စပ် ပတ်လိုင်းများမှ အပ အခြား ယာဉ်လိုင်းများ အားလုံး အတွက် ၂၀၀ ကျပ်ဖြင့် နံနက် ၅ နာရီမှ ည ၉ နာရီ အထိ သတ်မှတ် ဆောင်ရွက်ခဲ့သည်။

ယခုအပြောင်းအလဲမှာ ပထမအဆင့် အနေဖြင့် စနစ်ကို ပြောင်းလဲခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ငွေပေးငွေယူ စနစ်အား ကတ်စနစ် အဖြစ် ပြောင်းလဲခြင်း ၊ မော်တော်ယာဉ်များအပေါ်တွင် CCTV ကင်မရာများ ၊ GPS စနစ်များ တပ်ဆင်၍ စနစ်တကျ ထိန်းချုပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့မြို့ပြ သယ်ယူပို့ဆောင်ရေး စနစ်သစ် တစ်ခုအား ပြောင်းလဲဆောင်ရွက်ခြင်းသည် ယာဉ်ကြော ကျပ်တည်းမှု လျှော့ချနိုင်ရေး နှင့် ဘတ်စ်ကားလိုင်းများ စနစ်တကျဖြစ်စေရန် လုပ်ဆောင်ခြင်း ဖြစ်ပြီး ၃ လတာအတွင်း ပြန်လည် သုံးသပ် ဆောင်ရွက် သွားမည် ဖြစ်ကာ တစ်နှစ်တာ ကာလ ကြာမြင့်လာသည့် အခါတွင် ရန်ကုန်မြို့၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်သည် နိုင်ငံတကာ အဆင့်အတန်းမီ ဖြစ်သွားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မျှော်မှန်းထားသည်။

“စနစ်သစ်တစ်ခုကို ချက်ချင်း ပြောင်းပြောင်းချင်းမှာ ပြည်သူလူထု အခက်အခဲ မဖြစ်အောင် လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ပြည်သူတွေကို ကူညီဖို့ အခန်းကဏ္ဍမှာ ရန်ကုန်က လွှတ်တော် ကိုယ်စားလှယ် အားလုံးက ဒီအပြောင်းအလဲမှာ ဝင်ပြီး ကူညီကြတယ်။ဒီနေ့က ပထမဆုံးနေ့ဖြစ်တဲ့ အတွက် ပြည်သူတွေ ဘာတွေ အခက်အခဲ ဖြစ်လဲ။အဲဒီ အပေါ်မှာ ပြင်ဆင်ဖို့လိုတဲ့ အချက်အလက်တွေ တွေ့ရင် အစိုးရကို ပြင်ဆင်ဖို့တိုက်တွန်းရမယ်။ဒီလို စနစ်သစ် အပြောင်းအလဲကို ကြိုဆိုရမှာပါ။” စမ်းချောင်း မဲဆန္ဒနယ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသော်တာအောင်က ဆင်ဟွာသို့ပြောသည်။

ယခုစနစ်အား နိုင်ငံတကာမှ ပညာရှင်များ ၊ မြန်မာလူမျိုး မြို့ပြပညာရှင်များ ကိုယ်တိုင် စနစ်တကျ ကြိုးစားဆောင်ရွက်ထားခြင်း ဖြစ်၍ ရေရှည်တွင် ကောင်းမွန်မည့်သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်ကြောင်း Yangon Bus Service(YBS)မှ အသိပေး ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ ၆ သန်းကျော် နေထိုင်လျက်ရှိပြီး လူဦးရေ သိန်း ၂ဝ ကျော်သည် လိုင်းကားများကို နေ့စဉ် အသုံးပြုလျက် ရှိသည်။

စမ်းချောင်းမြို့နယ်နေ ကိုကျော်ဘိုဘိုလတ်က “စစချင်းကတော့ နည်းနည်းတော့ အခက်အခဲ ရှိပါတယ်။ ပြောင်းတာကတော့ ကောင်းပါတယ်။ စနစ်တကျနဲ့ဖြစ်သွားတာ ပိုကောင်းပါတယ်။လောလောဆယ်တော့ စီးနေကြကားက မရောက်တော့ ပတ်စီးရမှာပေါ့။နောက်ပိုင်းတော့ အဆင်ပြေသွားမှာပါ။”ဟု ပြောသည်။

အထက်တန်းပြ ကျောင်းဆရာမ တစ်ဦး ဖြစ်သူ ဒေါ်ယုဇနဝင်းက “ပြောင်းလိုက်တဲ့ စနစ်သစ်မှာ ခါတိုင်းဆို စမ်းချောင်းကနေ သန်လျင်ကို နှစ်ဆင့်နဲ့ရောက်ပါတယ်။ခုဆိုရင် နှစ်ဆင့်နဲ့ မရောက်တော့ဘူး။ နှစ်ဆင့်နဲ့ မရောက်တော့ရင် စရိတ်တွေ ပိုကုန်ပါတယ်။ခုလောလောဆယ်တော့ ကားတွေ အရမ်းကြပ်ပါတယ်။”ဟု ပြောသည်။

“အဓိက ပြသနာက ကား အဆက်ပြတ်တာပါ။လမ်းပိတ်တော့ ကားတွေက မှတ်တိုင်ကို အချိန်နဲ့အညီ မရောက်နိုင်လို့ဖြစ်တာပါ။”ဟု ခရီးသွား ပြည်သူတစ်ဦးက ပြောသည်။

စေတနာ့ ဝန်ထမ်း တစ်ဦး ဖြစ်သူ ကိုဇော်ဝင်းဖြိုးက “ခရီးသည် လိုအပ်တဲ့ နေရာ ပြေးဆွဲပေးဖို့လာရောက် ကူညီတာပါ။ဒီစနစ် ပြောင်းတာ ကျွန်တော်တို့သဘောကျတဲ့ အတွက် ကူညီတာပါ။ပြောင်းလဲ ပြောင်းသင့်နေတာ ကြာပြီမို့လို့ဒီတစ်ပတ်လောက်တော့ လူတွေ ဒုက္ခရောက်ကြမယ်။အဲဒီအတွက် လိုအပ်မယ့် အခက်အခဲတွေကို ကူညီနေကြတာပါ။”ဟု ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.