Connect with us

Politics, Law & Military

မြန်မာနိုင်ငံရှိ စိန်ခေါ်မှု များစွာကို အခွင့်အလမ်း အဖြစ် ပြောင်းလဲရန် လိုအပ်ဟု နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကဆို

နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြား သံတမန်များ ပထမအကြိမ် နေပြည်တော်၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြား သံတမန်များ ပထမအကြိမ် နေပြည်တော်၌ တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် စိန်ခေါ်မှုများစွာရှိပြီး ယင်းစိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ် ပြောင်းလဲရန် လိုအပ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။
ပြည်တွင်း အခြေစိုက် သံရုံး ၄၆ ရုံး ၊ ပြည်ပသံရုံး ၁၇ ရုံးမှ သံတမန်များနှင့် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးမှုသည် တစ်နာရီကျော် ကြာမြင့်ခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲ၌ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ တိုင်းပြည်၏ အပြောင်းအလဲ အခြေအနေများနှင့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒကို ရှင်းလင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရပြီးစဉ်မှစ၍ လွတ်လပ်ပြီး တက်ကြွသော နိုင်ငံခြားရေး မူဝါဒ ရှိခဲ့ပြီး လက်ရှိ အိမ်နီး နားချင်းများသာမက ကမ္ဘာ တစ်ဝန်းရှိ အခြားနိုင်ငံများနှင့်ပါ ခင်မင် ရင်းနှီးလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရခဲ့သည့် အချိန်ကစ၍ ဘက်မလိုက် ကြားနေနိုင်ငံ အဖြစ် ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနှင့် တောင်အာရှ ဆုံမှတ်မှာ တည်ရှိသောကြောင့် ပထဝီ နိုင်ငံရေးအရ အချက်အခြာ ကျသလို တပြိုင်နက်တွင် စိန်ခေါ်မှုများလည်း များကြောင်း ၎င်းက ပြောသည်။

ပြည်သူ အချင်းချင်းကြား ဆက်ဆံရေး ကောင်းမွန်မှုသည်သာ အဓွန့်ရှည်မည်ဖြစ်ပြီး အစိုးရသစ်၏ မူဝါဒသည် ပြည်သူကို အခြေခံကာ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှုများသည် ပြည်သူလူထု မပါဝင်ဘဲ မဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

“ကျွန်မအနေနဲ့ Burma လို့ မကြာခဏ သုံးစွဲခဲ့ပါတယ်၊ အဲ့ဒါဟာ အလေ့အကျင့်လို ဖြစ်နေလို့ပါ၊ အဲ့ဒီလို သုံးစွဲလို့ ကျန်တဲ့သူတွေလည်းအလားတူ သုံးစွဲရမယ်လို့ မပြောလိုပါဘူး၊ နောင်မှာ အလျဉ်းသင့်သလို Myanmar လို့ သုံးစွဲသွားမှာ ဖြစ်ပါတယ်၊ ဒါမှလည်း သံတမန်တွေအနေနဲ့ သက်သောင့် သက်သာဖြစ်မယ်ဆိုတာ နားလည်ပါတယ်၊ သံတမန်တွေ အနေနဲ့ Burma ဒါမှမဟုတ် Myanmar ကြိုက်သလို သုံးနှုန်းနိုင်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်လိုသုံးစွဲရမယ်ဆိုတာ ပြဌာန်းထားတာ မရှိပါဘူး”လို့ နိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံကို အင်အားကြီးမားသည့် နိုင်ငံဖြစ်အောင် တည်ဆောက်မှာဖြစ်ပြီး အင်အားကြီး နိုင်ငံဖြစ်ရန် မြန်မာနိုင်ငံသားများကို အခြေပြု အားထားသွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ (Xinhua)