Connect with us

Politics, Law & Military

တရားရုံးများတွင် ဝင်ရောက်လေ့လာသူများကို ဟန့်တားသူအား အရေးယူမည်

ပြည်သူလွှတ်တော် မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

တရားရုံးများ၌ တရားစီရင်သည့်အခါ စိတ်ဝင်စားသော ပြည်သူများ ဝင်ရောက် နားထောင်ရာတွင် တားဆီးဟန့်တားသူများအား အရေးယူသွားမည်ဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ယနေ့ ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ပြောခဲ့သည်။

“တရားရုံးများဟာ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပါ တရားစီရင်ရေး ဆိုင်ရာမူများ နဲ့အညီ ကန့်သတ်ထားတဲ့ အမှုများမှ အပ ပြည်သူလူထု ရှေ့မှောက်မှာ တရားစီရင်ခွင့် ရှိပါတယ်။ တရားရုံးများမှာ အများ ပြည်သူများ အတားအဆီး မရှိ ဝင်ရောက် နားထောင်ခွင့် ရှိပါတယ်။ အကယ်၍ ဝင်ရောက် နားထောင်တဲ့ ပြည်သူလူထုကို တားဆီးမှုများ ရှိကြောင်း တိုင်ကြားလာလို့ရှိရင် လိုအပ်တဲ့ စုံစမ်းမှုတွေ ပြုလုပ်ပြီး ပေါ်ပေါက်တဲ့အတိုင်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်” ဟု ၎င်းက ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်၏ အမေးကို ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။.
သို့ရာတွင် ထူးခြားသောအမှုများ၊ သို့မဟုတ် ဥပဒေအရ ကန့်သတ်ချက်များ အတွက်ကိုမူ အများပြည်သူတို့ဝင်ရောက်ခြင်းက်ု တားမြစ်နိုင်သည်ဟုလည်း ၎င်းက ပြောခဲ့သည်။
ဥပဒေအရ ကန့်သတ်ချက်များမှ အပ ဆိုသည်မှာ ကလေးသူငယ် ဥပဒေ၊ လူကုန်ကူးမှုတားဆီးရေး ဥပဒေတို့တွင် ဖော်ပြထားရာ ကလေးသူငယ်မှုခင်းကို သီးသန့်စစ်ဆေးရမည်ဟုလည်းကောင်း၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေတွင် လူကုန်ကူးခံရသူ အမျိုးသမီးများ၊ ကလေး သူငယ်နှင့် လူငယ်များ ဖြစ်ပါက ကာယိန္ဒြေ စောင့်ထိန်းမှုနှင့် စိတ်ပိုင်း ဆိုင်ရာ လုံခြုံမှု ရှိစေရန် အတွက် အများပြည်သူ ရှေ ့တွင် မဟုတ်ဘဲ သီးသန့်ရုံးခန်းတွင် စစ်ဆေး စီရင်ရမည်ဟု ပြဌာန်းထားကြောင်းဦးစိုးညွန့်က လွှတ်တော်သို့ရှင်းပြသည်။
ထို့အပြင် အများ ပြည်သူများ နားထောင်ရန် မသင့်သည့် မုဒိမ်းမှု၊ ဖျားယောင်းသွေးဆောင်ပြီး ကာမ ဖျက်ဆီးမှု၊ ရက်စက် ယုတ်မာသည့် အသက် မပြည့်သေးသည့် ကလေးသူငယ်များအပေါ် ကျူးလွန်သည့် အဓမ္မမှု စသည့် ထူးခြားသော အမှုများကို တရားရုံးက အသုံးပြုသည့် အခန်း၊ သို့မဟုတ် အဆောက်အအုံအတွင်းသို့ ပြည်သူများ ဝင်ထွက်ခွင့် မပြုရန်၊ ရှိနေခြင်း မပြုရန်နှင့် ထို ထူးခြားမှုများကို အများပြည်သူ ရှေ့တွင် မဟုတ်ဘဲ သီးသန့်ရုံးခန်းတွင် စီရင်ရမည် ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၁) နိုင်ငံတော်ရဲ့ အခြေခံ မူများ၊ ပုဒ်မ ၁၉(ခ)မှာ တရား ဥပဒေ ကန့်သတ်ချက်များမှ အပ ပြည်သူ ရှေ့မှောက်တွင် တရားစီရင်ရေး လို့ပါပါတယ်။ တရားခွင်ထဲကနေ မသက်ဆိုင်သူတွေ ထွက်တို့ တရားရုံးထဲမှာ ထိုင်ခုံ အခက်အခဲရှိလို့ နေရာ အခက်အခဲရှိလို့ ထွက်ပေးပါတို့စသဖြင့် ဝင်ရောက် လေ့လာ တဲ့ ပြည်သူတွေကို တားဆီး ဟန့်တားမှုတွေရှိနေပါတယ်။ သတင်းထောက်တွေ သတင်းယူရာ မှာလည်း သတင်းထောက်တွေ တရားရုံးမှာ သတင်းယူမယ်ဆိုရင် ကြိုတင် အကြောင်းကြားပြီး ခွင့်တောင်းဖို့၊ ကြိုတင်ချိန်းဆိုဖို့၊ သတ်မှတ်နေရာမှာနေဖို့၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ တရားသူကြီး၏ ခွင့်ပြုချက်မရဘဲ အင်တာဗျူးမလုပ်ဖို့တားမြစ်တာတွေ ရှိပါတယ်၊ ဒီလို တားဆီးမှုတွေက အခြေခံ ဥပဒေနဲ့မညီပါဘူး၊ တားဆီးသူတွေကို အရေးယူဖို့အစီအစဉ် ရှိပါလား” ဟု ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က ပြည်သူ့လွှတ်တော်မှတစ်ဆင့် မေးမြန်းခဲ့သည်ကို ၎င်းက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.