Connect with us

Education & Health

ကိုယ်ဝန်ဆောင်များ ခြင်ကျား အကိုက်မခံရန် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက အထူး သတိပေး

ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်း ဇီကာရောဂါနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

အင်္ဂါချို့ယွင်းသည့် ဦးဏှောက်နှင့် ဦးခေါင်းသေး ကလေးငယ်များ မွေးဖွားစေသော ZIKA virus ရောဂါ မဖြစ်ရန် ကိုယ်ဝန်ဆောင် အမျိုးသမီးများ နေ့လယ်ပိုင်း ခြင်ကျား အကိုက်မခံဖို့အထူး သတိထားရမည်ဟု နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာနတွင် ယနေ့နံနက် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက ပြောကြားသည်။

“ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ကိုယ်ဝန်ယူဖို့ကြံစည်နေတဲ့ ဇနီးမောင်နှံတွေ ခြင်ကိုက် မခံရအောင် နေဖို့ လိုပါတယ်၊ ZIKA ရောဂါပိုးကို သယ်ယူ ကူးစက်စေတာက ခြင်ကျားတွေပါ၊ ဒါကြောင့် ပြည်သူ့ကျန်းမာ ရေး ဦးစီးဌာနက ဆောင်ရွက်နေတဲ့ ပိုးလောက်လန်းနဲ့ ခြင်ကျား နှိမ်နင်းရေး လုပ်ငန်းတွေမှာ တစ်အိမ်ချင်းက ဝိုင်းဝန်း ဆောင်ရွက်ဖို့လည်း လိုပါတယ်” ဟု ၎င်းက ပြောသည်။

ဇီကာ ဗိုင်းရပ်စ်ပိုးသည် ရောဂါ ကူးစက်သူ ငါးဦးတွင် တစ်ဦးကသာ ရောဂါ လက္ခဏာ ပြပြီး ကျန် လေးဦးတို့မှာ ရောဂါ လက္ခဏာ မပြသော်လည်း အခြားသူများအား ရောဂါ ကူးစေနိုင်သဖြင့် ထိန်းချုပ်ရ ခက်သည့် ရောဂါ ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“ကိုယ်ဝန်ယူမယ့် ဇနီးမောင်နှံတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ လောလောဆယ်မှာ နိုင်ငံခြား ခရီး မထွက်ဖို့၊ မဖြစ်မနေ ထွက်ရရင်လည်း အဲဒီနိုင်ငံမှာ ခြင်ကိုက် မခံရဖို့လိုအပ်ပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

ဇီကာရောဂါနှင့်ပတ်သက်၍ နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲအားတွေ့ရစဉ် (ဆင်ဟွာ)

ZIKA ရောဂါပိုး ရှိသူနှင့် လိင်ဆက်ဆံရာတွင်လည်း ရောဂါ ကူးနိုင်သဖြင့် နိုင်ငံခြားမှ ပြန်လာသည့် အမျိုးသားများ အိမ်ထောင်ရှိပါက လေးလအတွင်း ကိုယ်ဝန် မယူရန်၊ သို့မဟုတ် လိင်ဆက်ဆံရာတွင် အကာအကွယ် အသုံးပြုရန်လည်း ဒေါက်တာ စိုးလွင်ငြိမ်းက ဖြည့်စွက် ပြောခဲ့သည်။

ပြီးခဲ့သည့် နှစ်ရက်က ရန်ကုန်တွင် နေထိုင်သည့် နိုင်ငံခြားသူ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးတွင် ZIKA ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ထိုအမျိုးသမီး သည် ရန်ကုန်တွင် လွန်ခဲ့သည့် နှစ်နှစ်ခန့်ကတည်းက နေထိုင်ခဲ့သူ ဖြစ်ကြောင်း၊ ပြီးခဲ့သည့် နှစ်ပတ်အတွင်းက နိုင်ငံခြား ခရီးစဉ်တစ်ခု သွားခဲ့သဖြင့် ထိုရောဂါပိုးမှာ အခြားနိုင်ငံမှ ပါလာခြင်းဖြစ် ကြောင်းလည်း ၎င်းက ပြောသည်။

“ ဒီ ၁၄ ရက် အတွင်းမှာ သူက ZIKA effective country တစ်ခုကို သွားထားခဲ့တော့ အဲဒီနိုင်ငံက ဒီရောဂါ ရလာတာပါ၊ အခုတော့ သူတို့ဇနီးမောင်နှံ သူတို့နေတဲ့ အိမ်မှာပဲ ပြန်နေပါတယ်၊ သူကိုယ်တိုင်က သွားသွားလာလာပဲ ဖြစ်လို့ သူ့အိမ်မှာပဲထားပါတယ်၊ အပြင် မထွက်ဖို့နဲ့ ညွှန်ကြားတဲ့ ဆေးတွေ ပိုမှန် သုံးစွဲဖို့လည်း မှာထားပါတယ်၊ ဧရာဝတီတိုင်းဘက်ကိုလည်း သူတို့ခရီးထွက်ခဲ့တာဆိုတော့ သူတို့ရောက်ခဲ့တဲ့ မြို့တွေမှာရော ရန်ကုန်မှာပါ ခြင်ကျားနှိမ်နင်းရေးနဲ့ ပညာပေး အစီအစဉ်တွေကို အားဖြည့် ဆောင်ရွက်နေ ပါတယ်” ဟုလည်း ၎င်းက ရှင်းပြသည်။

ထိုဇနီးမောင်နှံ မည်သည်နိုင်ငံက ပြန်လာသည်၊ ရန်ကုန် မည်သည့်နေရာတွင် နေထိုင်သည်၊ ဧရာဝတီတိုင်း မည်သည့် မြို့များသို့သွားရောက်သည် ဆိုသည့် အချက်များကိုမူ international Health Regulations အရ မဖြေကြားနိုင်ပါကြောင်း၊ မလိုအပ်ဘဲ အများ ပြည်သူ ထိတ်လန့်ကြောက်ရွံ့မှုများ မဖြစ်ရေး၊ ကာယကံရှင် ဝေဒနာသည် ၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရှိရေးအတွက် ဖြေကြား၍ မရကြောင်းလည်း ၎င်းက မီဒီယာသို့ရှင်းပြခဲ့သည်။

ZIKA ရောဂါသည် ကြက်ငှက် တုပ်ကွေး၊ ဆားစ်၊ အီဘိုလာ တို့ကဲ့သို့ စိုးရိမ်စရာ ရောဂါမျိုး မဟုတ်သော်လည်း ကိုယ်ဝန်ဆောင်မိခင်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ရင်သွေးငယ် အင်္ဂါ မချို့ယွင်းရေးအတွက် အရေးကြီးလှ သဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ နေ့လယ်ပိုင်း ခြင်ကျား အကိုက်မခံဖို့အထူး သတိထားရမည် ဖြစ်ကြောင်း သိရသည်။ ယခင်က ZIKA ရောဂါ တွေ့ရှိသည့် နိုင်ငံ ၇၂ နိုင်ငံရှိခဲ့ပြီး ယခု မြန်မာနိုင်ငံနှင့်ဆိုလျှင် ၇၃ နိုင်ငံ ရှိလာပြီဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.