Connect with us

Education & Health

မသိမဖြစ် ဇီကာ ဗိုင်းရပ်စ် ရောဂါ


ရန်ကုန် ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ)

ဇီကာ ဗိုင်းရပ်စ် ရောဂါ ကူးစက် ဖြစ်ပွားမှု မရှိစေရေး အကောင်းဆုံး ကာကွယ်နည်းမှာ ခြင်ကျား ပိုးလောက် လမ်း နှိမ်နင်းရေး နှင့် ခြင်ကိုက်မခံရအောင် နေထိုင်ရေး ဖြစ်ကြောင်း ဗဟို ကူးစက် ရောဂါ တိုက်ဖျက်ရေး ဌာနမှ သိရသည်။

ခြင်မကိုက်ရန် အဓိက

“ဇီကာ ရောဂါက ဇီကာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်။ ဇီကာ ဗိုင်းရပ်စ်က လေထဲက ပျံ့တာလဲ မဟုတ်ဘူး။ အဓိကတော့ ခြင် မကိုက် ခံရအောင် နေရမယ်။”ဟု ဗဟို ကူးစက် ရောဂါ တိုက်ဖျက်ရေး ဌာန ဒေါက်တာ ထူးမြင့်ဆွေက အကြံပြု ပြောကြားခဲ့သည်။

ရောဂါ ကူးစက်နိုင်သည့် လမ်းကြောင်း

ဇီကာ ဗိုင်းရပ်စ် ရောဂါပိုးသည် ခြင်ကိုက်ခံရခြင်း ၊ လိင်ဆက်ဆံခြင်းတို့မှ တဆင့် ကူးစက်နိုင်သည့် အပြင် သွေးသွင်းခြင်းမှ တဆင့် ကူးစက်နိုင်ကြောင်း သိရသည်။

ဇီကာ ဗိုင်းရပ်စ် ရောဂါ မသိမဖြစ် အကြောင်းအရာများ

ပီရူးနိုင်ငံ၌ ဇီကာ ဗိုင်းရပ်စ် ရောဂါပိုး ပျံ့နှံမှု မရှိစေရန် ခြင်နှိမ်နှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ဇီကာ ဗိုင်းရပ်စ် ရောဂါပိုး ပြန့်ပွားစေသည့် အေးဒီးစ် ခြင်အား တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီး နိုင်ငံ၌ ဦးခေါင်း သေးငယ်စွာ မွေးဖွားလာသည့် ကလေးငယ် တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

အသက်အန္တရာယ်

ဇီကာ ဗိုင်းရပ်စ် ရောဂါပိုး သယ်ဆောင်သည့် အေးဒီးစ်(Aedes)ခြင် ကိုက်ခံရပါက အသက်အန္တရာယ် စိုးရိမ်စရာ မရှိသော်လည်း ဇီကာ ရောဂါ သာမက သွေးလွန်တုပ်ကွေး ရောဂါပါ ဖြစ်ပွားနိုင်သည့် အတွက် သွေးလွန်တုပ်ကွေး ရောဂါသည် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ ရှိကြောင်း သိရသည်။

ရောဂါ လက္ခဏာ

ဇီကာ ဗိုင်းရပ်စ် ရောဂါ ကူးစက်ခံရပါက အဓိက လက္ခဏာများမှာ ဖျားခြင်း ၊ အရေပြားပေါ်တွင် အနီစက်များ ထွက်ခြင်း ၊ မျက်စိနာခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ကြွက်သား/ အဆစ်များ နာကျင်ခြင်း တို့ ဖြစ်တတ်ကြောင်း သိရသည်။

ကိုယ်ဝန်ဆောင် မိခင် ဆောင်/ရှောင် ရန်

“ကိုယ်ဝန်ဆောင် မိခင်တွေမှာ ဖြစ်လို့ရှိရင် အထူးသဖြင့် ကိုယ်ဝန် သက်တမ်း နုတဲ့ အချိန် ပထမ ၃ လအတွင်း ၊ ၆ လအတွင်း ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရရင် မွေးလာတဲ့ ကလေးမှာ ဦးခေါင်း သေးငယ်တဲ့ ကလေးတွေ မွေးနိုင်တယ်။ဒါကိုလဲ သက်သေပြဖို့ပညာရှင်တွေ ကြိုးစားနေတယ်။ဇီကာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်တိုင်းလဲ အဲလိုမျိုး ကလေး မွေးမယ်လို့မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင် မိခင်တွေကို အကြံပြုချင်တာကတော့ ဇီကာ ဗိုင်းရပ်စ် ရောဂါ ဖြစ်နေတဲ့ နိုင်ငံတွေကို မသွားဖို့၊ နောက်ပြီးတော့ ခြင်ကိုက်မခံရအောင် နေသင့်ပါတယ်။”ဟု ဒေါက်တာ ထူးမြင့်ဆွေက ပြောသည်။

ထို့အတူ ဇီကာ ရောဂါပိုး လက္ခဏာ သံသယ ရှိသူ နှင့် လိင်ဆက်ဆံရာတွင် အကာအကွယ် အသုံးပြု သင့်ကြောင်း ၊ ရောဂါပိုး ရှိသူနှင့် လိင်ဆက်ဆံရာတွင် ရောဂါ ကူးနိုင်ကြောင်း သိရသည်။

ဇီကာ ရောဂါ ဆေးမရှိ

ယခု လက်ရှိ အချိန်ထိ ဇီကာ ရောဂါအတွက် သီးသန့်တိုက်ဖျက်နိုင်သည့် ဆေးမရှိသေးဘဲ ကာကွယ် ကုသနိုင်သည့် ဆေးလည်း မပေါ်သေးသည့် အတွက် ဇီကာ ဗိုင်းရပ်စ် ရောဂါ ကူးစက်ခံရသည်ဟု သံသယ ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာန/ ဆေးရုံ/ ဆေးခန်းများသို့ သွားရောက်ပြသ စစ်ဆေးကုသမှု ခံယူရန် လိုအပ်ကြောင်း သိရသည်။

ဂရုပြုသင့်

ဇီကာ ဗိုင်းရပ်စ် ရောဂါပိုး သယ်ဆောင်သည့် ခြင်သည် ညပိုင်း အချိန်တွင် ထွက်သည့် ခြင်မျိုး မဟုတ်ဘဲ နေ့ဘက်တွင် ထွက်သည့် ခြင်မျိုး ဖြစ်သည့် အတွက် အထူးသဖြင့် မနက် ၊ နေ့လည် နှင့် ညနေပိုင်း အချိန်များတွင် တစ်ရေးတစ်မော အိပ်စက်သည့် အခါများတွင် ခြင်ထောင် ထောင်၍ အိပ်စက်သင့်ကြောင်း သိရသည်။

ပြည်သူလူထု ပူးပေါင်း ပါဝင်မှု

ဇီကာ ဗိုင်းရပ်စ် ရောဂါ နှင့် ပတ်သက်၍ အဓိက အနေဖြင့် ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှုသည် အရေးကြီးကြောင်း ၊ ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာန အနေဖြင့် ခြင်နှိမ်နင်းရေး လုပ်ငန်းများ ၊ ပိုးလောက်လမ်း နှိမ်နင်းရေး လုပ်ငန်းများကို အရှိန်ဟုန်မြှင့်တင် ဆောင်ရွက်နေကြောင်း သိရသည်။

ဖုံး ၊ သွန် ၊ လဲ ၊ စစ်

ခြင်ကျားလောက်လမ်းများ မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် နည်းလမ်းဖြင့် ပိုးလောက်လမ်း နှိမ်နင်းရေး လုပ်ငန်းမှာ လူတိုင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ဇီကာဗိုင်းရပ်စ်ရောဂါ အပါအဝင် သွေးလွန် တုပ်ကွေးရောဂါ ကူးစက် ဖြစ်ပွားမှု မရှိအောင် ကာကွယ် နှိမ်နှင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဖုံး ၊ သွန် ၊ လဲ ၊ စစ် ဆိုသည်မှာ ဖုံး – ရေလှောင်ထားသော အိုးခွက်များကို ခြင်များ ဝင်ရောက် မဥနိုင်အောင် လုံခြုံစွာ ဖုံးအုပ်ထားရန် ၊ သွန် – အိုးခွက် နံရံတွင် ကပ်နေသော ခြင်ဥများသေစေရန် အိုးခွက်များ၏ အတွင်းပိုင်းကို တိုက်ချွတ်ဆေးကြောရန်၊ ခြင်ကျားလောက်လမ်းတွေ့ရှိသော ရေများကို သွန်ပစ်ရန် (သို့) အခြားအိုးထဲသို့ ရေစစ်ဖြင့် ပြောင်းထည့်ရန် ၊ လဲ- ပန်းအိုး များ၏ အတွင်းပိုင်းကို တိုက်ချွတ်ဆေးကြောကာ ရေများကို တစ်ပတ်နှစ်ကြိမ်လဲလှယ်ရန် ၊ စစ်- ခြင်ကျားလောက်လမ်းများ မပါစေရန် ရေဖြည့်သောအခါ ရေစစ်ဖြင့် စစ်ထည့်ရန် တို့ဖြစ်သည်။

ထို့အပြင် ခြင်ကိုက် မခံရစေရန် ခြင်မကိုက်သည့်ဆးလိမ်းခြင်း၊ အင်္ကျ ီလက်ရှည်နှင့် ဘောင်းဘီရှည်များ ဝတ်ဆင်ခြင်း၊ ခြင်လုံဇကာများ တပ်ဆင်ခြင်း လိုအပ်ကြောင်း သိရသည်။

ခြင်ကျား ပေါက်ဖွားရာ

ဇီကာဗိုင်းရပ်စ်ပိုး သယ်ဆောင်လာသော အေးဒီးစ်ခြင်ကျားသည် ရေကြည်ရေသန့်တွင် ပေါက်ပွားပြီး ခြင်ကိုက်ခံရပြီး ၂ ရက်မှ ၇ ရက်အတွင်း ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လာနိုင်ကြောင်း ၊ ရောဂါကူးစက်ခံရသူ ၅ ဦးတွင် ၁ ဦး၌ ရောဂါ လက္ခဏာ ပေါ်ပေါက်ကြောင်း သိရှိနိုင်ကြောင်း သိရသည်။

ခြင် အမျိုးအစား ၊ ပုံစံ

ဇီကာ ရောဂါသယ်ဆောင်သည့်ခြင် အမျိုးအစားသည် အနက်ရောင် ခြင်အမျိုးအစားဖြစ်ပြီး ကိုယ်ပေါ်တွင် သိသာသော ငွေဖြူရောင် အစင်းကျောင်းများရှိပြီး နေခင်းပိုင်းအချိန်တွင် ခြင်ကိုက်ခံရခြင်းမဖြစ်ပွားရန် လုံခြုံစွာ ဝတ်ဆင်ရမည် ဖြစ်သည့်အပြင် ပညာရှင်များနှင့် တိုင်ပင်ကာ သင့်လျှော်သော လိမ်းဆေးများကို အသုံးပြုခြင်းဖြင့် ကာကွယ် နိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ

ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားလျှက် ရှိသည့် ဇီကာဗိုင်းရပ်စ်ရောဂါသည် ရန်ကုန်မြို့၌ နိုင်ငံခြားသူ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးထံတွင် ဖြစ်ပွားနေကြောင်း တွေ့ရှိချက်အား ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံသည် ဇီကာ ဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိခဲ့သည့် နိုင်ငံများထဲတွင် ၇၃ နိုင်ငံမြောက် အဖြစ် ပါဝင်လာခဲ့သည်။

ဇီကာ စတင် ဖြစ်တည်ရာ

ဇီကာ ရောဂါပိုးကို ၁၉၄၇ ခုနှစ်တွင် အာဖရိက နိုင်ငံ တွင် စတင်တွေ့ရှိခဲ့ပြီး ဘရာဇီး နိုင်ငံ တွင် ဖြစ်ပွား ချိန်တွင် ကိုယ်ဝန်ဆောင်မိခင်များမှ ဦးခေါင်းသေးငယ်သည့် ကလေးများ မွေးဖွား လာသည် ကို တွေ့ရှိခဲ့ပြီး ထိုရောဂါ လက္ခဏာ မှာ ရှားပါသည့် ရောဂါ အမျိုးအစား ဖြစ်ပြီး ထိုဦးခေါင်းသေးငယ်သည့် ကလေးများသည် ဦးနောက်ဖွံ့ဖြိုးမှု ရရှိနိုင်ရန် ခက်ခဲကာ ကိုယ်ခန္တာ ဖွံ့ဖြိုးမှုသည်လည်း ထူးခြားနေတတ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.