Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒအား နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က သံတမန်များနှင့် တွေ့ဆုံ ရှင်းလင်းမည်

နေပြည်တော်ရှိ နိုင်ငံခြာရေး ဝန်ကြီးရုံးအား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒနှင့် စပ်လျဉ်းပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ဆိုင်ရာ ပြည်တွင်းပြည်ပ အခြေစိုက် သံတမန်များနှင့် ဧပြီလ ၂၂ ရက် တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ တွေ့ဆုံ၍ ရှင်းလင်းပြောကြားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။

ထိုပြည်တွင်း ပြည်ပ အခြေစိုက် သံတမန်များနှင့် တွေ့ဆုံ ရှင်းလင်းပွဲသို့တက်ရောက်ရန် ရန်ကုန်မြို့ အခြေစိုက် သံရုံး ၄၆ ရုံး ၊ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်ရုံး ၁ ရုံးနှင့် ပြည်ပ အခြေစိုက်သံရုံး ၄၆ ရုံး စုစုပေါင်း ၉၃ ရုံးကို ဖိတ်ကြားထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒသည် နိုင်ငံ၏ အမျိုးသားအကျိုး စီးပွားကို ကာကွယ် စောင့်ရှောက် ဖော်ဆောင်ခြင်း ဖြစ်ပြီး အမျိုးသား လုံခြုံရေး ၊ အမျိုးသား စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး၊ တရားမျှတပြီး တည်ငြိမ် အေးချမ်းသည့် ကမ္ဘာ့ ပတ်ဝန်းကျင် တိုးတက် ဖြစ်ထွန်းရေးကို ဦးတည်ထားရှိကြောင်း ၊ လွတ်လပ်မှု၊ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှု ၊ ကိုယ်ပိုင် ယဉ်ကျေးမှု နှင့် ဓလေ့ ထုံးတမ်း အစဉ်အလာများကို အလေးထားမှု၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို အလေး ထားမှု စသည့် အချက်များကို တန်ဖိုးထားသည့် မူဝါဒ ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ယခင်ကကဲ့သို့ သာမန် နှစ်နိုင်ငံဆက်ဆံရေး (bilateral relation) တိုးတက် ခိုင်မာရေး ဦးတည်ချက် တစ်ခုတည်းသာ မဟုတ်တော့ဘဲ ဒေသတွင်း နိုင်ငံများနှင့် ပေါင်းစပ်ပြီး (regional integration) နှင့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး (multilateralism) တို့ကိုလည်း ပိုမိုပြီး နိုးကြား တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ရန် ဖြစ်လာကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး ဝါဒကို ကျင့်သုံးလျက် ရှိပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ရပ် ဖြစ်သည့် တစ်နိုင်ငံ၏ နယ်မြေ တည်တံ့မှုနှင့် အချုပ် အခြာအာဏာ ပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော် တိုက်ခိုက်မှု မပြုလုပ်ရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေး ကိစ္စများတွင် ဝင်ရောက် စွက်ဖက်ခြင်း မပြုရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တန်းတူ ရည်တူ ရှိရန်နှင့် နှစ်ဦး နှစ်ဖက် အကျိုး ဖြစ်ထွန်းစေရန်နှင့် ငြိမ်းချမ်းစွာ အတူယှဉ် တွဲနေထိုင်ရန် အချက် များကို အခြေခံပြီး လုပ်ငန်းစဉ် (၈) ရပ် ချမှတ် ကျင့်သုံးလျက် ရှိကြောင်း သိရသည်။ (Xinhua)