Connect with us

North America

သမ္မတထရမ့်က အီရန်အား စစ်ရေးအရ အရေးယူမှုအပေါ် ကန့်သတ်သည့် ဥပဒေကို ပြင်းပြင်းထန်ထန် ပယ်ချ

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအပေါ် စစ်အင်အားသုံးမည့် သမ္မတ၏ လုပ်ပိုင်ခွင့်အပေါ် ကန့်သတ်ရန် ရည်ရွယ်သည့် ဥပဒေတစ်ခုကို မေ ၆ ရက်တွင် ပြင်းပြင်းထန်ထန် ပယ်ချလိုက်ကြောင်း သိရသည်။

“ ရီပတ်ဘလီကန်ပါတီကို ကွဲပြဲအောင်လုပ်ပြီး လာမယ့် နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ဒီမိုကရက်တစ်ပါတီက တင်သွင်းလာတဲ့ မဟာဗျူဟာ အစိတ်အပိုင်းတစ်ခုပါ ၊ ဒါဟာ သိပ်ကို စော်ကားလွန်းရာရောက်တဲ့ ဥပဒေတစ်ခုပါပဲ” ဟု ဗီတိုအာဏာဖြင့်ပယ်ချကြောင်း ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ထရမ့်က ပြောကြားခဲ့သည်။ “ အဲဒီဥပဒေကို မဲပေးခဲ့ကြတဲ့ ရီပတ်ဘလီကန်ပါတီဝင် အချို့အနေနဲ့ သူတို့ရဲ့လက်ထဲမှာ အမှန်တကယ်ဆော့ကစားနေကြတယ်” ဟု၎င်းကဆိုသည်။

အဆိုပါ ဥပဒေကြောင့် အမေရိကန်နိုင်ငံ ၊ ယင်း၏ မဟာမိတ်နိုင်ငံများ နှင့် မိတ်ဖက်များအား အကာအကွယ်ပေးရန် သမ္မတ၏ စွမ်းဆောင်နိုင်ခွင့်အပေါ် ထိခိုက်မှုရှိလာလိမ့်မည်ဖြစ်ကြောင်း ထရမ့်က အသိပေးပြောကြားခဲ့သည်။

“ ကွန်ဂရက်အနေနဲ့ ဒီဥပဒေကို အတည်မပြုသင့်ပါဘူး” ဟု ၎င်းကဆိုသည်။

ထရမ့်၏ ဗီတိုအာဏာအား ကျော်လွှာပယ်ဖျက်နိုင်ရန် ဆီးနိတ် အောက်လွှတ်တော်က မေ ၇ ရက်တွင် ကြိုးပမ်းလုပ်ဆောင်ဖွယ်ရှိကြောင်း ၊ သို့သော် ထောက်ခံမဲ သုံးပုံ-နှစ်ပုံရရှိရန် လိုအပ်ကြောင်း အမေရိကန်မီဒီယာက မေ ၆ ရက်နှောင်းပိုင်းတွင် ရေးသားဖော်ပြခဲ့သည်။ 

“ ထိခိုက်စရာလမ်းကြောင်းထဲကို ကျွန်တော်တို့ရဲ့တပ်ဖွဲ့ဝင်တွေကို မစေလွှတ်ခင် သူ့ရဲ့ကွန်ဂရက်- ဗီတိုအာဏာကို ပယ်ပျက်သွားအောင် လုပ်ဖော်ကိုင်ဖက်အားလုံး အနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ ကျွန်တော်တိုက်တွန်းပါတယ် ” ဟု အဆိုပါဥပဒေအား အတည်ဖြစ်အောင် ဉီးဆောင်ကြိုးပမ်းနေသည့် ဗာဂျီးနီးယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ဆီးနိတ်လွှတ်တော်အမတ် Tim Kaine က တွစ်တာတွင်ရေးသားဖော်ပြခဲ့သည်။ 

ပြီးခဲ့သော မတ်လတွင် ပါတီထောက်ခံမှုအများစုဖြင့် ၂၂၇ မဲ ၁၈၆ မဲဖြင့် ၎င်းဥပဒေကြမ်းကို အထက်လွှတ်တော်က အတည်ပြုခဲ့သလို ရီဘတ်ပလီကန်ပါတီထိန်းချုပ်ထားသော ဆီးနိတ်လွှတ်တော်က ဖေဖော်ဝါရီလတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ နှင့် အီရန်နိုင်ငံအကြား တင်းမာမှုဆက်လက်မြင့်တက်နေဆဲအချိန်တွင် ယခုကဲ့သို့ အပြင်းအထန်ပယ်ချမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထရမ့်က ပင်လယ်ပြင်အတွင်း အကယ်၍ အမေရိကန်စစ်သင်္ဘောများအား နှောင့်ယှက်လာပါက မည်သည့် အီရန်စစ်သင်္ဘောမဆို ဖျက်ဆီးနစ်မြှုပ်ပစ်ရန် အမေရိကန်ရေတပ်အား ညွှန်ကြားသည့် အမိန့်တစ်ရပ်ကို ပြီးခဲ့သောလတွင် ထုတ်ပြန်ခဲ့သည်။ အီရန်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်နက်ကို ထိပါးလာပါက တုံ့ပြန်သွားရန် သန္နိဌာန်ချထားကြောင်း နှင့် အမေရိကန်ခြိမ်းခြောက်မှုကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း အီရန်အာဏာပိုင်များက ပြန်လည်ပြောကြားထားသည်။(Xinhua)