Connect with us

Local

ပြုပြင် ပြောင်းလဲမှုများနှင့် ၂၀၁၈ မြန်မာ့ စီးပွားရေး

၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍ ပုံရိပ်များ(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေမှာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသည့် နှစ်ဟု ဆိုရမည် ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ခဲ့ကြသည်။

ပြုပြင်ပြောင်းလဲရေး

“အစိုးရ အနေနဲ့စီးပွားရေးနဲ့ပတ်သက်လို့ပြုပြင် ပြောင်းလဲမှုတွေက ဝန်ကြီးဌာန အသစ် ဖွင့်လှစ် ဆောင်ရွက်တယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က နိုင်ငံတကာကို သွားပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ဖို့ကြိုဆိုခဲ့တယ်။ဒါတွေကို ကြည့်လိုက်ရင်တော့ မျှော်လင့်ချက်တွေ အများကြီး ရှိမယ် လို့အောက်မေ့ပါတယ်။”ဟု စီးပွားရေး ပညာရှင် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ဆင်ဟွာသို့ပြောကြားခဲ့သည်။

တိုးတက်နှုန်း

မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ၆.၂ ရာခိုင်နှုန်းရှိနိုင်သည်ဟု ကမ္ဘာ့ဘဏ်မှ ခန့်မှန်းထားသည်။

ထိုခန့်မှန်းချက်မှာ ၂၀၁၇/၁၈ ခုနှစ်က တိုးတက်မှုနှုန်းဖြစ်သည့် ၆.၈ ရာခိုင်နှုန်း အောက် နှေးကွေးလာခြင်း ဖြစ်သော်လည်း အခြားကမ္ဘာ့နိုင်ငံများ၏ နှုန်းများနှင့် နှိုင်းယှဉ်မည်ဆိုပါက ခိုင်မာသည့် တိုးတက်မှုနှုန်းဟု ဆိုနိုင်ကြောင်း ဒီဇင်ဘာလ အတွင်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် မြန်မာနိုင်ငံ စီးပွားရေး စောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

မျှော်လင့်ချက်

ဒေါက်တာ အောင်ထွန်းသက်က “ဒါတွေ အားလုံးကို ဒီလို ပြုပြင် ပြောင်းလဲမှု တွေနဲ့ ကုစား လိမ့်မယ်လို့ ဆရာတို့မျှော်လင့်တာပါပဲ။ ပြုပြင် ပြောင်းလဲမှုတွေက ဒီနေ့ပြောင်းရင် နောက်နေ့ဖြစ်မှာ မဟုတ်တဲ့ အတွက် ပြုပြင် ပြောင်းလဲမှု တွေရဲ့ အရှိန်အဟုန်ကို စောင့်ကြည့်ရမှာပဲ။လာမည့် ၂၀၁၉ မှာ အားလုံး အဆင် ပြေမယ် လို့ပဲ မျှော်လင့်ပါတယ်။”ဟု ပြောကြားခဲ့သည်။

နှေးကွေးခဲ့သည့် ၂၀၁၈

မြန်မာ့ စီးပွားရေးသည် ၂၀၁၈ ခုနှစ် အတွင်း နှေးကွေးသွားခဲ့ပြီး လာမည့် ၂၀၁၉ ခုနှစ်တွင် မြန်မာ့ စီးပွားရေးအား တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ဆင်ဟွာသို့ပြောကြားခဲ့သည်။

“၂၀၁၈ ခုနှစ် မြန်မာနိုင်ငံရဲ ့စီးပွားရေး အခြေအနေက ကမ္ဘာနဲ့ချိတ်ဆက်ပြီးတော့ သွားတဲ့ အတွက် ရိုက်ခတ်မှု တွေကို တော့ မြန်မာက ခံရတာပေါ့။ အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းတွေ မြှင့်တာတွေလည်း အထူးသဖြင့် ဒေါ်လာငွေကြေးက ခိုင်မာသွားတဲ့ အတွက် ဖြစ်သွားတာတွေလည်း ရှိပါတယ်။မြန်မာနိုင်ငံမှာလည်း အခြေအနေက နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေးက အပြောင်းအလဲ တွေ ဖြစ်နေတာပေါ့။ ဒါတွေ ရှိသွားတဲ့ အတွက် မြန်မာနိုင်ငံရဲ ့ စီးပွားရေးက နှေးကွေး သွားတာကို တွေ့ရပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

လာမည့် ၂၀၁၉ ခုနှစ်တွင် စီးပွားရေး တက်အောင် မည်သည့် နည်းဖြင့် ဖြစ်စေ လုပ်ကို လုပ်ရတော့မည် ဖြစ်ကြောင်း ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လာနိုင်ရန် လျှပ်စစ်မီး ၊ အခြေခံ အဆောက်အအုံ ၊ လုပ်သား ဈေးကွက် တို့အား ဖော်ဆောင်ရန် လိုအပ်ပြီး ယင်းတို့အား အင်တိုက်အားတိုက် လုပ်ကြရတော့မည် ဖြစ်ကြောင်း ဟု ဒေါက်တာ မောင်မောင်လေးက ပြောကြားခဲ့သည်။

နိုင်ငံခြား ငွေကြေး

နိုင်ငံခြား ငွေကြေး ကဏ္ဍတွင် အမေရိကန် ဒေါ်လာ တန်ဖိုးသည် ဧပြီလ နှင့် ဇွန်လပိုင်းမှ စတင်၍ အလွန် ခိုင်မာလာခဲ့သည့် အတွက် မြန်မာ ကျပ်ငွေ တန်ဖိုး သာမက တစ်ကမ္ဘာလုံးရှိ ငွေကြေး တန်ဖိုးများလည်း ကျဆင်း လာခဲ့သည်။

မြန်မာနိုင်ငံ၌ ၂၀၁၈ ခုနှစ် ဇွန်လ နောက်ပိုင်းမှ စတင်၍ ဆက်တိုက် မြင့်တက် လာခဲ့ရာ စံချိန်တင် မြင့်တက်မှု အဖြစ် တစ်ဒေါ်လာ လျှင် ကျပ် ၁၆၀၀ ကျော် ရှိလာခဲ့ပြီး ရွှေဈေးနှုန်းမှာလည်း မြန်မာ့ ရွှေဈေး တစ်ကျပ်သားကို ကျပ် ၁၀ သိန်းကျော် အထိ ဖြစ်ပေါ် လာခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် ကျပ်ငွေ တန်ဖိုး ကျဆင်းခြင်းသည် အခြား နိုင်ငံများထက် ပိုမိုပြီး သက်ရောက်မှု ရှိသည်ကို တွေ့မြင်နိုင်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက စက်တင်ဘာလ အတွင်း ပြုလုပ်ခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အစီရင်ခံ တင်ပြချက် အရ သိရသည်။

မြန်မာ ကျပ်ငွေ တန်ဖိုး ကျဆင်းခဲ့ခြင်းကို လေ့လာကြည့်ပါက ပြင်ပ သက်ရောက်မှုက စတင်ခဲ့သော်လည်း ပြည်တွင်း အခြေအနေ တွင် စီးပွားရေး အခြေအနေ မညီမျှမှု ပြသနာများ နှင့် စီးပွားရေး နှင့် ပတ်သက်သည့် အခြေခံ အားနည်းချက်များ ရှိနေသည်ဟု ဆိုနိုင်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက အစီရင်ခံ တင်ပြခဲ့သည်။

နိုင်ငံခြားငွေ ရောင်း/ဝယ် ရာတွင် ဗဟိုဘဏ်၏ သတ်မှတ်ချက်(ဗဟိုဘဏ် ရည်ညွှန်းငွေလဲလှယ်နှုန်း ± ဝ.၈% ) ဘောင် အတွင်း သတ်မှတ် ဆောင်ရွက်ရန် ညွှန်ကြားခဲ့ခြင်းအား ပယ်ဖျက်သည့် အမှာစာအား မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သြဂုတ်လ အတွင်း ထုတ်ပြန်ခဲ့သည်။

ငွေဖောင်းပွမှုနှုန်း

ငွေလဲနှုန်း တိုးတက်သွားခြင်း နှင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း တို့နှင့် အတူ ငွေကြေး ဖောင်းပွမှုနှုန်းသည် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ၅.၅ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ၈.၈ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ဖွယ် ရှိကြောင်း ကမ္ဘာ့ဘဏ်မှ ဒီဇင်ဘာလ အတွင်း ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ကုန်သွယ်မှု

မြန်မာနိုင်ငံ၏ ပြည်ပ ကုန်သွယ်မှု ပမာဏသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်(အောက်တိုဘာလမှ နိုဝင်ဘာလ အထိ) အမေရိကန် ဒေါ်လာ ၅,၅၀၇ သန်း ဆောင်ရွက် နိုင်ခဲ့ရာ ယခင် ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန် ဒေါ်လာ ၃၅၄ သန်း ပိုမို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ပြည်ပ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၅,၅၀၇ သန်းတွင် ပြည်ပ ပို့ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂,၄၄၆ သန်း နှင့် ပြည်ပ သွင်းကုန် တန်ဖိုး အမေရိကန် ဒေါ်လာ ၃၀၆၁ သန်း ရှိခဲ့သည်။

နိုင်ငံ ၏ ပို့ကုန်ကဏ္ဍတွင် အထည်ချုပ် ကဏ္ဍမှ ပြည်ပတင်ပို့မှုသည် အများဆုံး ဖြစ်လာပြီး ၂၀၁၇ ခုနှစ်တွင် ဒေါ်လာ ၂.၇ ဘီလီယံ တန်ဖိုးရှိ အဝတ်အထည်ထုတ်ကုန်များ တင်ပို့နိုင်ခဲ့ပြီး ယင်းမှာ နှစ်နှစ် အတွင်း အဝတ်အထည် ထုတ်ကုန်များ တင်ပို့မှု နှစ်ဆနီးပါး တိုးလာခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခု ၂၀၁၈ ခုနှစ်တွင် ၂.၇ ဘီလီယံ ရှိမည်ဟု ခန့်မှန်း ရကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

အဝတ်အထည် တင်ပို့မှုသည် ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော်ရှိရာမှ ၂၀၁၆ ခုနှစ်တွင် ခန့်မှန်း ၂ ဒသမ ၁ ဘီလီယံ ရှိလာခဲ့ကြောင်း သိရသည်။

ကုန်သွယ်မှုပမာဏများကို ကြည့်လျင် သွင်းကုန်တန်ဖိုး သည် ပို့ကုန်တန်ဖိုးထက် များနေသဖြင့် ပို့ကုန်များကို တိုးမြှင့် ဆောင်ရွက်ပြီး သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေးကို ကြိုးစားကြစေလိုကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားထားသည်။

ကုန်သွယ်မှု လိုငွေတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု လိုငွေ အမေရိကန် ဒေါ်လာ ၅.၄၄ ဘီလီယံ ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု လိုငွေ အမေရိကန် ဒေါ်လာ ၅.၂၁ ဘီလီယံ ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု လိုငွေ အမေရိကန် ဒေါ်လာ ၃.၈၄ ဘီလီယံ အသီးသီး ဖြစ်ပေါ်ခဲ့သည့် အတွက် ယခင်နှစ်ကထက် ကုန်သွယ်မှု လိုငွေ အမေရိကန် ဒေါ်လာ ၁.၃၇ ဘီလီယံ လျှော့ချ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ကုန်သွယ်မှု လိုငွေ လျှော့ချနိုင်ရန် နှင့် ပြည်တွင်း စီးပွားရေး ဖွဲ့စည်း တည်ဆောက်မှု မှန်ကန် ခိုင်မာပြီး သက်ရောက်မှု အမျိုးမျိုးကို ခံနိုင်ရည် ရှိစေရန် အစိုးရ အနေဖြင့် ပုဂ္ဂလိက ကဏ္ဍက သက်ဆိုင်သူများ နှင့် ထိတွေ့ပြီး ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက် နေကြောင်း သိရသည်။

အီးယူ ကုန်သွယ်မှု အထူး အခွင့်အရေး

မြန်မာနိုင်ငံ အနေဖြင့် ဥရောပသမဂ္ဂက ပေးအပ်ထားသော ကုန်သွယ်မှု အထူး ခံစားခွင့်(GSP/ EBA) များကို ဆက်လက် ခံစားခွင့်ပြုရန် ပူးတွဲ ကြေညာချက် တစ်ရပ်အား UMFCCI နှင့် အလုပ်သမား အသင်းအဖွဲ့များက ဒီဇင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည်။

ကောင်းမွန်သော လုပ်သား ဈေးကွက် ပေါ်ပေါက်လာစေခြင်း ၊ သင့်လျော် ကောင်းမွန်သော လုပ်ငန်းခွင် အခြေအနေ နှင့် ငြိမ်းချမ်းသော လုပ်ငန်းခွင်သို့ဦးတည်လျက် ရှိသော ပြုပြင် ပြောင်းလဲမှုများ နှင့် ပြုပြင် ပြောင်းလဲရန် ရှိသည် တို့ကို လမ်းချော် သွားစေနိုင်မည့် ကိစ္စရပ်များ မပေါ်ပေါက် နိုင်စေရန် အလို့ဌာ GSP/ EBA ကို ဆက်လက် ခံစား ခွင့်ပြုရန် အလွန်အမင်း လိုအပ်ပါကြောင်း ပူးတွဲ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

အီးယူ ကုန်သွယ်မှုအခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပေးအပ်ထားသော GSP ကို ရုပ်သိမ်းရေးအတွက် ပြန်လည်သုံးသပ်နိုင်ရန် အောက်တိုဘာလ အတွင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့သည်။

နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၇ ရက် အထိ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၇၈၉.၈၉၃ သန်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ထံမှ သိရသည်။

၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ နှစ်နှစ်တာကာလအတွင်းမှာ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ လုပ်ငန်းနှင့်ဆောက်လုပ်ရေး လုပ်ငန်းတို့မှအပ စိုက်ပျိုးရေး ကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ် ငန်း ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကဏ္ဍ စသည့် လုပ်ငန်းကဏ္ဍ ၁၀ ခုတို့တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၆၀ ခု ဝင်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃၇ ဘီလျံ ဖြစ်ကြောင်း သိရသည်။

အနည်းဆုံး အခကြေးငွေ နှုန်းထား တိုးမြှင့်

အလုပ်သမားများ အတွက် အနည်းဆုံး အခကြေးငွေ နှုန်းထားအား အလုပ်ချိန် ၈ နာရီ(တစ်ရက်) အတွက် ၄၈၀၀ ကျပ်ကို ပြင်ဆင် သတ်မှတ်လိုက်ကြောင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသား ကော်မတီမှ မေလ အတွင်း ထုတ်ပြန် ကြေညာခဲ့သည်။

ဝန်ကြီးဌာန အသစ်

စီးပွားရေး အခွင့်အလမ်းများ ဖန်တီးခြင်း ၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို အားပေးခြင်း ၊ ဒေသတွင်း နှင့် ဒေသခွဲ အဖွဲ့အစည်းများနှင့် ဘက်စုံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ညှိနှိုင်း ဆောင်ရွက်ခြင်းတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်မည့် ရင်းနှီးမြှုုပ်နှံမှု နှင့် နိုင်ငံခြား စီးပွားရေး ဆက်သွယ်ရေး ဝန်ကြီးဌာနကို လွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုဝင်ဘာလ အတွင်း ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်ခဲ့သည်။

အဂတိ လိုက်စားမှု ရှောင်ကျဉ်ရေး

နိုင်ငံစီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် အဂတိ လိုက်စားမှုအား ဆန့်ကျင်ခြင်း ပူးတွဲ ကြေညာချက် တစ်ရပ်အား မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) နှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်(ACC) တို့သည် ဇူလိုင်လ အတွင်း သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။

UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက “ပြည်တွင်းမှာ ရှိနေတဲ့ စီးပွားရေး လုပ်ငန်းများဟာ အဂတိ လိုက်စားမှုမှာ ပါဝင်ခြင်း မရှိကြဘဲ အဂတိ လိုက်စားမှုကို နားလည်ပြီး ရှောင်ကြဉ်ကြရန် လိုအပ်ပါတယ်။ ဒါမှလဲ မိမိတို့ နိုင်ငံရဲ့စီးပွားရေး ဝန်းကျင်ကောင်း တစ်ခု ပေါ်ပေါက် လာပြီးတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မိမိတို့နိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံမှုနဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက် လာကြမှာ ဖြစ်ပါတယ်။”ဟု အဂတိလိုက်စားမှုအား ဆန့်ကျင်ခြင်း ပူးတွဲ ကြေညာချက် ရေးထိုးပွဲ နှင့် စီးပွားရေး လုပ်ငန်းများ ဆိုင်ရာ ကျင့်ဝတ်များ ဖွံ့ဖြိုးလာစေခြင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ကုမ္ပဏီ ဥပဒေ အသက်ဝင်

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေသစ်အား ၂၀၁၈ ခုနှစ် သြဂုတ်လမှ စတင် အသက်ဝင် ကျင့်သုံး ဆောင်ရွက်ခဲ့ပြီး အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီများအတွက်မှတ်ပုံတင်ကြေးအား၂၀၁၈ခုနှစ် ဧပြီလ၁ရက် မှစတင်ကာ လက်ရှိကျပ်ငါးသိန်းသတ်မှတ်ထားရာမှ ကျပ်နှစ်သိန်းခွဲ သို့ လျှော့ချ ပြင်ဆင် သတ်မှတ်ခဲ့သည်။

ထိုကဲ့သို့လျှော့ချ ပြင်ဆင် သတ်မှတ်ခြင်းအား ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းများကို နိုင်ငံသား လုပ်ငန်းရှင်များ ပိုမိုသက်သာစွာ ဆောင်ရွက်နိုင်စေရေး၊ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများ ပိုမို ဖွံ့ဖြိုး တိုးတက် စေရေးနှင့်မှတ်ပုံတင်ခြင်းမပြုသေးဘဲဆောင်ရွက်နေသည့်စီးပွားရေးလုပ်ငန်းများကုမ္ပဏီအဖြစ်ပြောင်းလဲထူထောင်၍လုပ်ငန်းများချဲ့ထွင်နိုင်စေရေးကိုဦးတည်ကြောင်း သိရသည်။

“ဒီဥပဒေဟာ အများကြီး ပွင့်လင်းမြင်သာမှုရှိပြီး လွယ်ကူအဆင်ပြေမှာပါ၊ နိုင်ငံခြားသားတွေလည်း ပါဝင်နိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးပေးထားတာ ဖြစ်ပါတယ်။ တစ်ဦးချင်းလည်း ကုမ္ပဏီထောင်နိုင်ခွင့်ရသွားတဲ့အတွက် အင်မတန်မှလွယ်ကူသွားမှာပါ။ ရင်းနှီးမြှုပ်နှံမှုငွေနဲ့ပတ်သက်ပြီး ကန့်သတ်ထားခြင်းမရှိတဲ့အတွက် အင်မတန်မှကောင်းမွန်ပြီး လုပ်သာကိုင်သာရှိတဲ့ ဥပဒေ တစ်ရပ်လို့ ဆိုရမှာဖြစ်ပါတယ်”ဟု UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်မှစ၍ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အာဏာ တည်ခြင်းနှင့်အတူ ကုမ္ပဏီ ဆိုင်ရာ မှတ်ပုံတင်ခြင်းကိစ္စရပ်များအား အီလက်ထရောနစ် မှတ်ပုံတင် စနစ် Myanmar Companies Online (MyCO) ဖြင့် ဆောင်ရွက်ခဲ့သည်။

နိုင်ငံခြား ဘဏ်ခွဲ/ကုမ္ပဏီများ

နိုင်ငံခြားဘဏ် ဘဏ်ခွဲများအား ပြည်တွင်းဘဏ်များနည်းတူ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ (Local Corporate)သို့ မည်သည့်ချေးငွေဖြည့်ဆည်းမှု (Any Financing) ကိုမဆိုဆောင်ရွက်ခြင်း နှင့် အခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ (Other Banking Services)ဆောင်ရွက်ခြင်းတို့ကို ခွင့်ပြုကြောင်း ညွှန်ကြားချက်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုဝင်ဘာလ အတွင်း ထုတ်ပြန်ခဲ့သည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဘဏ္ဍာငွေရရှိနိုင်သည့်အခွင့်အရေး (Access to Finance) ပိုမိုရရှိစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။

နိုင်ငံခြားသား ကုမ္ပဏီများအား ပြည်တွင်းတွင် လက်လီလက်ကား ရောင်းချခွင့် ပြုလိုက်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မှ မေလအတွင်းက ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ခွင့်ပြုခဲ့ခြင်းသည် လက်လီ၊ လက်ကားရောင်းချဖြန့်ဖြူးသူများအကြား မျှတသော ယှဉ်ပြိုင်မှုတိုးတက်စေခြင်းအားဖြင့် စားသုံးသူ များ အတွက် ဈေးနှုန်းလျှော့ကျပြီး ရွေးချယ်ခွင့် ပိုမိုရရှိစေရန်လည်းကောင်း၊ ရောင်းချဖြန့်ဖြူးမှုလုပ်ငန်းများတွင် ကုန်ပစ္စည်း အရည်အသွေး နှင့် ဝန်ဆောင်မှု အရည်အသွေး၊ နည်းပညာများတိုးတက်စေရန်လည်းကောင်း၊ ပြည်တွင်း ထုတ်ကုန်များ ဈေးကွက်ပိုမိုရရှိ၍ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်လည်းကောင်း ရည်ရွယ်ကြောင်း သိရသည်။

အထူးစီးပွားရေးဇုန်

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်း စီမံကိန်း မူဘောင် သဘောတူညီချက် (Framework Agreement) အား နိုဝင်ဘာလ အတွင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ နှင့် CITIC Consortium တို့အကြား သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်း စီမံကိန်း မူဘောင် သဘောတူညီချက်တွင် သဘောတူညီခဲ့သည့် အဓိက အချက်များမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် CITIC Consortium ဘက်မှ ၇၀ ရာခိုင်နှုန်း နှင့် မြန်မာဘက်မှ ၃၀ ရာခိုင်နှုန်း ဖြစ်ကြောင်း ၊ မြန်မာဘက်မှ ရှယ်ယာများအား ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ကနဦး ပိုင်ဆိုင်ပြီး ရှယ်ယာ ၁၅ ရာခိုင်နှုန်းကို နောင်တွင် မြန်မာ ပုဂ္ဂလိက အများပိုင် အဖွဲ့အစည်းကို လွှဲပြောင်း သွားရန် သဘောတူခဲ့ကြောင်း ၊ စီမံကိန်းကို တစ်ဆင့်ပြီး တစ်ဆင့် အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ပြီး အဆင့်တစ်ခုမှ နောက်အဆင့် တစ်ခုကို တိုးချဲ့မည် ဆိုပါက လိုအပ်သည့် အဓိက အချက်များကိုလည်း သဘောတူခဲ့ကြောင်း သိရသည်။

အသေးစား/အလတ်စား

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိကအသေးစားနှင့် အလတ်စား လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်မည့် အလားအလာများရှိမည်ဟု မျှော်မှန်းထားကြောင်း ဇူလိုင်လ အတွင်း ပြုလုပ်ခဲ့သော အမျိုးသား စီမံကိန်း ကော်မရှင် အစည်းအဝေးမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးကို အခြေခံသော စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက် မြင့်မား လာစေရေး အတွက် MSME လုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အလေးထားဆောင်ရွက်လျက် ရှိသည်။

နိုင်ငံ၏ စီးပွားရေးဈေးကွက် လိုအပ်ချက်များ၊ ထုတ်ကုန်များနှင့် ဝန်ဆောင် မှုများကို ဖြည့်ဆည်းပေးနိုင်သော အောင်မြင် သည့် MSMEs လုပ်ငန်းများ ပိုမိုပေါ်ပေါက် လာစေရေး ရည်မှန်းချက်ထားပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် ဒုတိယ သမ္မတ ဦးမြင့်ဆွေက တိုက်တွန်းထားသည်။

ထို့အတူ တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ဒေသတွင်းထုတ်ကုန်ပစ္စည်း ပြပွဲ၊ ပြိုင်ပွဲများကို ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင် ကျင်းပခဲ့သည်။

ထိုကဲ့သို့ကျင်းပရသည့် ရည်ရွယ်ချက်သည် နိုင်ငံအတွင်း သွင်းကုန်အစားထိုးထုတ်ကုန်များ ပိုမိုများပြားလာစေရန်၊ ဒေသအသီးသီး တွင်ရှိသည့် ထုတ်လုပ်မှုကဏ္ဍများနှင့် ရောင်းဝယ်မှုကဏ္ဍများအချင်းချင်း ချိတ်ဆက်မှုဖြစ် လာစေရန်၊ MSMEs လုပ်ငန်းများအနေဖြင့် မိရိုးဖလာစီးပွားရေးလုပ်ငန်းမှ ဆန်းသစ်တီထွင် စွန့်စားဖန်တီးမှုများဖြင့် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားသော ကမ္ဘာ့အဆင့်မီ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုအသွင်သို့ ပြောင်းလဲလာနိုင်စေရန်နှင့် ဈေးကွက်ချဲ့ထွင်ပြီး ကမ္ဘာ့အဆင့် တန်ဖိုးမြှင့်ထုတ်လုပ်မှုကွင်းဆက် (Global Value Chain)အတွင်း ပူးပေါင်းဆောင်ရွက်လာ စေရေးတို့ကို မျှော်မှန်းပြီး ကျင်းပပြုလုပ်ပေးနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသည့် အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်း(SME) စုစုပေါင်း ၁၂၀,၀၀၀ ကျော်ခန့် ရှိပြီး မှတ်ပုံ မတင်ရသေးသော SME လုပ်ငန်း များစွာ ကျန်နေသေးကြောင်း သိရသည်။

စတော့အိတ်ချိန်း

ရန်ကုန် စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီများ ဖြစ်သည့် FMI ကုမ္ပဏီ ၊ မြန်မာသီလဝါ အထူး စီးပွားရေး ဇုန် အများပိုင် ကုမ္ပဏီ လီမိတက် (MTSH) ၊ မြန်မာနိုင်ငံသားများဘဏ်(MCB) ၊ ပထမ ပုဂ္ဂလိက ဘဏ် (FPB) နှင့် TMH telecom ကုမ္ပဏီလီမီတက် တို့အရောင်းအဝယ် ပြုလုပ်လျက် ရှိသည်။

လက်ရှိတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ပြည်တွင်းကုမ္ပဏီ၌ ၃၅ ရာခိုင်နှုန်း ပါဝင် ရင်းနှီးမြှုပ်နှံ ခွင့်ပြုထား သကဲ့သို့ ရန်ကုန် စတော့ အိတ်ချိန်း YSX မှာ ကုန်သွယ်ရန် ခွင့်ပြုပေးထားသည့် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေသစ်သည် ယခု ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်တွင် စတင် အကျိုး သက်ရောက်ခဲ့သည်။

အစုရှယ်ယာ

ယခု ၂၀၁၈ ခုနှစ် အတွင်း အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့်ရှိသော ကုမ္ပဏီ ၅၉ ခု ရှိရာမှ အများနှင့် သက်ဆိုင်သော ကုမ္ပဏီ ၂ ခုအား အစုရှယ်ယာ ရောင်းချခွင့် ရှိကြောင်း အောက်တိုဘာလ အတွင်း ထပ်မံ ကြေညာခဲ့သည်။

ထပ်မံ ခွင့်ပြုလိုက်သည့် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ ၂ ခု အပါအဝင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ ၆၁ ခု မှလွဲ၍ ကျန်မည်သည့် စီးပွားရေးလုပ်ငန်းမျှ အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့် မရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အသိပေး ကြေညာထားသည်။

အထူး ချေးငွေ

အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများ (SME)၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာပြီး နိုင်ငံ့စီးပွားတိုးတက်လာစေရန် ရည်ရွယ်၍ အထူး ချေးငွေ အစီအစဉ်ဖြင့် ချေးငွေများ ထုတ်ချေးပေးခြင်းအား နိုင်ငံတော်၏ အစီအစဉ်ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ စီစဉ် ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

စီမံကိန်း

မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း(MSDP) ကို ဇူလိုင်လ အတွင်း ထုတ်ပြန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.