Connect with us

North America

ပူတင် အဆိုပြုသည့် အီရန် နျူကလီးယားအရေး ထိပ်သီးအစည်းအဝေးကို တက်ရောက်မည်မဟုတ်ဟု ထရမ့် ပြောကြား

အမေရိကန်နိုင်ငံ သမ္မတ ထရမ့်အား နယူးဂျာစီပြည်နယ်တွင် ဩဂုတ် ၈ရက်က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ)

ပြီးခဲ့သောရက်က ရုရှားနိုင်ငံ သမ္မတ ပူတင်အဆိုပြုခဲ့သည့် အီရန် နျူကလီးယားအရေး ဗွီဒီယို ထိပ်သီးအစည်းအဝေးကို ပါဝင်တက်ရောက်မည်မဟုတ်ကြောင်း အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ဩဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

 မိမိအနေဖြင့် ပူတင်အဆိုပြုသည့် အီရန် နျူကလီးယားအရေး ထိပ်သီးအစည်းအဝေးကို တက်ရောက်မည်မဟုတ်ကြောင်းနှင့် လာမည့်အပတ်အတွင်း “လျင်မြန်စွာ ပြန်လည် ပိတ်ဆို့မှု” ယန္တရားကို အမြန်ဆုံး ပြန်လည် စတင်သွားမည်ကြောင်း ထရမ့်က ဩဂုတ် ၁၅ ရက် ညနေပိုင်းက နယူးဂျာစီပြည်နယ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက် ၂၂၃၁ အရ အမေရိကန်သည် “လျင်မြန်စွာ ပြန်လည်ပိတ်ဆို့မှု”ယန္တရားကို ပြန်လည်ဆောင်ရွက်ခွင့်ရှိကြောင်းနှင့် အမေရိကန်သည် လာမည့် ရက်ပိုင်းများအတွင်း အီရန်လက်နက်ပိတ်ဆို့မှုကို အဆုံးမရှိ ထပ်တိုးသွားနိုင်ကြောင်း ကုလသမဂ္ဂအခြေစိုက် အမေရိကန်နိုင်ငံ ကိုယ်စားလှယ် Kelly Craftက ဩဂုတ် ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂအခြေစိုက် တရုတ်နိုင်ငံ ကိုယ်စားလှယ် ကျန်းကျွင်းက အီရန် နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်သွားသူအနေဖြင့် အမေရိကန်သည် သဘောတူညီချက်တွင် ပါဝင်သူ၏လုပ်ပိုင်ခွင့်များ ဆုံးရှုံးသွားပြီဖြစ်ရာ လုံခြုံရေးကောင်စီကို “လျင်မြန်စွာ ပြန်လည်ပိတ်ဆို့မှု”ယန္တရား စတင်ရန် တောင်းဆိုခွင့်မရှိကြောင်း ဩဂုတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများကလည်း ဇွန်လတွင် ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ထားရာ “ပြန်လည် ပိတ်ဆို့မှု “ယန္တရားကို တစ်ဖက်သတ် စတင်လုပ်ဆောင်ခြင်း မှန်သမျှကို အာပေးထောက်ခံမည်မဟုတ်ကြောင်းနှင့် ၎င်းမှာ လုံခြုံရေးကောင်စီအတွက် ပြင်းထန်သည့်နောက်ဆက်ဆိုးကျိုးကို ရရှိစေမည်ဟု ယူဆကြောင်း ဖော်ပြခဲ့သည်။  

လုံခြုံရေးကောင်စီအတွင်း အီရန်အရေးကို ဗဟိုပြုဆွေးနွေးမှုများ တစ်နေ့တစ်ခြားတင်းမာလာခြင်း၊ အကြောင်းမဲ့ အီရန်အပေါ် အပြစ်တင် စွပ်စွဲခြင်း၊ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ဖျက်ဆီးနိုင်ခြေ ရှိလာခြင်းကြောင့် ရုရှားနိုင်ငံအနေဖြင့် ဂျာမနီနှင့်အီရန် ပါဝင်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့နိုင်ငံ ၅ နိုင်ငံ ထိပ်သီးအစည်းအဝေး အမြန်ဆုံး ကျင်းပရန် အကြုံပြုကြောင်း ရုရှား သမ္မတ ပူတင်က ဩဂုတ် ၁၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်တွင် အီရန်သည် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်နှင့် ဂျာမနီ နိုင်ငံတို့နှင့် အီရန် နျူကလီးယားအရေး ဘက်စုံသဘောတူညီမှုစာချုပ်ကို ချုပ်ဆိုခဲ့သည်။ အဆိုပါ သဘောတူညီချက်အရ အီရန်သည် ၎င်း၏ နျူကလီးယား အစီအစဉ်ကို ကန့်သတ်မည်ဟု ကတိပြုခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အီရန်အပေါ် ပိတ်ဆို့မှူအား ပယ်ရှားပေးရမည်ဖြစ်ကြောင်း သိရသည်။ထို့နောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံဖြတ်ချက် အမှတ်၂၂၃၁ ကို အတည်ပြုခဲ့ရာ အီရန် နျူကလီးယားသဘောတူညီချက်ကို စိစစ် ခွင့်ပြုခဲ့သော်လည်း ကုလသမဂ္ဂ၏ အီရန် လက်နက်ပိတ်ဆို့မှုကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၈ ရက် အထိ ထားရှိရန် ဆုံးဖြတ်ခဲ့သည်။ 

ယင်း ဆုံးဖြတ်ချက်၏ “လျင်မြန်စွာ ပြန်လည်ပိတ်ဆို့မှု”ယန္တရားဆောင်ရွက်ရန် ဟူသော အပိုဒ်အရ အီရန်အနေဖြင့် နျူကလီးယားသဘောတူညီချက်ကို ချိုးဖောက်သည်ဟု ယူဆခံရပါက ၂၀၁၅ ခုနှစ် သဘောတူညီချက်မတိုင်မီ ရှိခဲ့သော ကာလ ကုလသမဂ္ဂ၏ အီရန်အပေါ် ပိတ်ဆို့မှုများ အလိုအလျောက် ပြန်လည်သက်ဝင်မည်ဖြစ်သည်။

၂၀၁၈ ခုနှစ် မေတွင် အမေရိကန်နိုင်ငံသည် အီရန် နျူကလီးယားသဘောတူညီချက်မှ တစ်ဖက်သတ် နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှု အသစ်များ ပြန်လည်စတင်ခဲ့သည်။ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ယခုလ ၁၃ ရက်မှစ၍  အမေရိကန်နိုင်ငံက တင်သွင်းသော အီရန် လက်နက်ပိတ်ဆို့မှုကာလ အကန့်အသတ်မဲ့ ဆောင်ရွက်ရန် အဆိုပြုချက် မူကြမ်းအား မဲပေးဆုံးဖြတ်မှုပြုခဲ့ရာ အတည်ပြုချက်မရရှိခဲ့ကြောင်း သိရသည်။ (Xinhua)