Connect with us

WORLD

အမေရိကန်နိုင်ငံတွင် ကိုဗစ်ဖြစ်ပွားမှု ညွှန်းကိန်း တစ်ကျော့ပြန် မြင့်တက်၊ ပြည်နယ် ၂၀ တွင် တစ်ရက်အတွင်း လူနာအရေအတွက် ထပ်တိုး

အမေရိကန်နိုင်ငံ နယူးယောက်မြို့၏ မြင်ကွင်းတစ်နေရာအား အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ သက်ဆိုင်ရာ ညွှန်းကိန်းများ ယခုကာလများအတွင်း တစ်ကျော့ပြန် မြင့်တက်လာခဲ့ကြောင်း သိရသည်။ ယခုရက်သတ္တပတ်ကာလတွင် တစ်ရက်အတွင်း ထပ်တိုးလူနာနှင့် သေဆုံးသူ အရေအတွက် တိုးမြင့်လာသည့်အခြေအနေရှိနေပြီး ပြည်နယ် ၂၀ ကျော်တွင် တစ်ရက်အတွင်း ထပ်တိုးလူနာဦးရေ မြင့်တက်လျက်ရှိကြောင်း သိရသည်။

အောက်တိုဘာ ၄ ရက်အထိ တစ်ပတ်တာကာလအတွင်း အမေရိကန်နိုင်ငံ၏ တစ်ရက်တာ ထပ်တိုးလူနာအရေအတွက်သည် ပျမ်းမျှအားဖြင့် ၄၁,၀၀၀ ကျော် ရှိပြီး အောက်တိုဘာ ၂ ရက်တွင် ထပ်တိုးလူနာ ၅၀,၁၆၀ ဦးရှိခဲ့ရာ ၎င်းမှာ စက်တင်ဘာ ၂၅ ရက်နောက်ပိုင်း တစ်ရက်အတွင်း လူနာအရေအတွက် ၅ သောင်းကျော် ထပ်မံရောက်ရှိခြင်း ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာ(CDC)ဝဘ်ဆိုက်၏ အောက်တိုဘာ ၅ ရက် အချက်အလက်များအရ သိရသည်။ သေဆုံးလူနာ အရေအတွက်သည် စက်တင်ဘာ ၂၂ ရက်ထိ ၂ သိန်းကျော်ရှိခဲ့ပြီးနောက် တစ်ရက်အတွင်း ထပ်တိုးသေဆုံးသူအရေအတွက် ပျမ်းမျှ ၇၀၀ ဝန်းကျင် ရှိခဲ့ရာ စက်တင်ဘာ ၃၀ ရက်တွင် ၁,၀၀၀ကျော် ရှိခဲ့ကြောင်း CDC ၏ အစီရင်ခံစာများအရ သိရသည်။

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းများအရ အမေရိကန် အရှေ့ပိုင်းစံတော်ချိန်(EST) အောက်တိုဘာ ၅ ရက် ညပိုင်းအထိ စုစုပေါင်း အတည်ပြုလူနာအရေအတွက် ၇ ဒသမ ၄၅ သန်း ကျော်၊ စုစုပေါင်း သေဆုံးသူ ၂ သိန်း ၁ သောင်းကျော် ရှိကြောင်း သိရသည်။

ဩဂုတ်လကုန်ပိုင်းမှစ၍ တစ်နိုင်ငံလုံးရှိ ကိုဗစ် ကပ်ရောဂါ အခြေအနေသည် ဇူလိုင် လလယ်ပိုင်းကာလ ရောဂါဖြစ်ပွားမှုအခြေအနေ အထွဋ်အထိပ်ကာလနှင့်နှိုင်းယှဉ်ပါက လျော့နည်းလာခဲ့သည်။ သို့သော် စက်တင်ဘာ လလယ်ပိုင်းမှစ၍ ကပ်ရောဂါအခြေအနေ ပြန်လည် ခေါင်းထောင်လာခဲ့ကြောင်းသိရသည်။ CNN၏ သတင်းများအရ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ပြည်နယ် ၂၂ ခု၏ တစ်ရက်အတွင်း ထပ်တိုးလူနာအရေအတွက်သည် ယင်းရက်သတ္တပတ် အလွန်ကာလထက် မြင့်တက်ခဲ့ကြောင်း ဆိုသည်။

ကပ်ရောဂါဖြစ်ပွားပြီးနောက် အမေရိကန်တွင် ကလေးသူငယ်ပေါင်း ၆ သိန်း ၂ သောင်းကျော်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရကြောင်းနှင့် ထိုသို့ ကူးစက်မှုနှုန်းသည် ယခုကာလများတွင် ပို၍ များပြားလာကြောင်း အမေရိကန်နိုင်ငံ ကလေး အထူးကုအကယ်ဒမီ(AAP)နှင့် ကလေးဆေးရုံအသင်း(CHA)၏ နောက်ဆုံး ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နယူးယောက်တိုင်းမ် သတင်းအရ ယခုကာလများအတွင်း အတည်ပြုလူနာအရေအတွက် အများအပြားတိုးပွားလာသည့် ဒေသများသည် အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများက ဖြစ်ပြီး တက္ကသိုလ်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းသည် ကူးစက်မှု၏ အဓိက အကြောင်းအရင် ဖြစ်ကြောင်း ဆိုသည်။ ကပ်ရောဂါဖြစ်ပွားပြီးနောက် အမေရိကန် တက္ကသိုလ်ကျောင်းများတွင် ကိုဗစ် အတည်ပြုလူနာ အရေအတွက် ၁ သိန်း ၃ သောင်းကျော် ၊သေဆုံးသူ ၇၀ ကျော် ရှိရာ ၎င်းတို့အနက် အများစုမှာ ဆောင်းဦးရာသီကျောင်းဖွင့်ကာလနောက်ပိုင်းတွင် ထပ်တိုးလာခြင်း ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာ(CDC)၏ ပြီးခဲ့သည့်ရက်များတွင် ထုတ်ပြန်သည့် သုတေသန အစီအရင်ခံစာတွင် ဩဂုတ် ၂ ရက်မှ စက်တင်ဘာ ၅ ရက်အထိ တစ်နိုင်ငံလုံးတွင် အသက် ၁၈ နှစ်မှ ၂၂ နှစ်အတွင်း လူငယ်များ ကိုဗစ်ကူးစက်မှုအရေအတွက်သည် ၅၅ ရာခိုင်နှုန်းတိုးလာရာ ၎င်းတို့အနက် အရှေ့မြောက်ပိုင်းနှင့် အနောက်လယ်ပိုင်းဒေသများ၏ တိုးပွားမှုနှုန်းသည် ၁၄၄ ရာခိုင်နှုန်းနှင့် ၁၂၃ ရာခိုင်နှုန်း အသီးသီးရှိကြောင်း ဆိုသည်။

တက္ကသိုလ်ကျောင်းသူကျောင်းသားများအပါအဝင် လူငယ်လူရွယ်ပိုင်းများက နှာခေါင်းစည်းတပ်ဆင်ခြင်း၊ social distance ထားရှိခြင်း၊ မကြာခဏလက်ဆေးခြင်း စသည့် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို လက်တွေ့ကျကျ လိုက်နာကျင့်သုံသင့်ကြောင်း CDCက ပြောကြားခဲ့သည်။

လက်ရှိ အမေရိကန်တွင် တစ်ရက်အတွင်း ထပ်တိုးအတည်ပြုလူနာအရေအတွက် ပုံမှန်အားဖြင့် ၄ သောင်းဝန်းကျင် ရှိရာ ထို့အပေါ် အလွန်စိုးရိမ်ကြောင်း အမေရိကန်နိုင်ငံ National Institute of Allergy and Infectious Diseases(NIAID) ဒါရိုက်တာနှင့်အိမ်ဖြူတော် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အဓိကအဖွဲ့ဝင်ဖြစ်သူ Anthony Fauciက အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။ ဆောင်းဦး၊ ဆောင်းရာသီကာလတွင် ရာသီဥတု အေးလာသည့်နှင့်အမျှ ပြင်ပလှုပ်ရှားမှုပွဲအများစုကို ခန်းမအတွင်းတွင်သာ ကျင်းပကြမည်ဖြစ်ရာ ကိုရိုနာဗိုင်းရပ်စ် ထပ်မံတစ်ဆင့် ပြန့်ပွားမှုအန္တရာယ်ရှိလာနိုင်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.