Connect with us

Politics, Law & Military

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံမှ ဒုက္ခသည်များ ပြန်ခေါ်နိုင်ရေး ကာလတို ၊ ကာလရှည် အစီအမံများ ချမှတ် ဆောင်ရွက်မည်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ် အတွင်း မြန်မာ အလုပ်သမားများနှင့် တွေ့ဆုံမှု တစ်ရပ်အား တွေ့ရစဉ် (ဓာတ်ပုံ-Myanmar State Counsellor Office)

ရန်ကုန် ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံမှ ဒုက္ခသည်များအား စိစစ်၍ နေရပ်သို့ ပြန်ခေါ်နိုင်ရေး အတွက် နိုင်ငံတော်၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ လုပ်ငန်းစဉ် တစ်ရပ် အဖြစ် ကာလတို ၊ ကာလရှည် အစီအမံများ ချမှတ်၍ ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ယခု အခြေအနေတွင် နေရပ်သို့ ပြန်လာလိုကြောင်း ဆန္ဒ ပြုထားကြသူ ၁၉၆ ဦးအား မူရင်းနေရပ်သို့ ပြန်လည် ခေါ်ယူ နိုင်ရန် မြန်မာနိုင်ငံ အစိုးရမှ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့အား စေလွှတ်၍ နိုင်ငံသား စိစစ်ရေး လုပ်ငန်း စဉ်များ ဆောလျင်စွာ ဆောင်ရွက်ပြီး ၎င်းတို့၏ မူရင်း နေရပ်များသို့ ပြန်လည် ပို့ဆောင်ရေးနှင့် ပြန်လည် နေရာ ချထားရေး ကိစ္စရပ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသည့် ဒုက္ခသည် များအား မူရင်းနေရပ်သို့ ခေါ်ဆောင်ရေး အတွက် နှစ်နိုင်ငံ အစိုးရများ အချင်းချင်း ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ၎င်းတို့၏ မူရင်းနေရပ်တွင် အလုပ်အကိုင် အခွင့်အလမ်းများ၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး ဝန်ဆောင်မှု အခြေအနေကောင်းများကို စီစဉ် ဆောင်ရွက်ပေးနိုင်သည့် အချိန်မှသာ ပြန်လည် ပို့ဆောင်ရေး လုပ်ငန်းများကို စတင်သွားရန် သဘော တူညီခဲ့ကြကြောင်း သိရသည်။
ထို့အတူ ရွှေ့ပြောင်း အလုပ်သမားရေးရာ ကိစ္စ ရပ်များ ပိုမို အလေးပေး ဆောင်ရွက်နိုင်ရေး အတွက် မြန်မာနိုင်ငံ သံရုံး၏ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် ဝန်ထမ်း အင်အားတိုးချဲ့ တာဝန်ပေးအပ်ရေး တို့ကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံအကြား နယ်စပ် ဖြတ်သန်း သွားလာရေးဆိုင်ရာ သဘောတူ စာချုပ်အရ မြန်မာ-ထိုင်း နယ်စပ်ဂိတ် များ ဖြစ်သော တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့သောင်း- ရနောင်းတို့ အပြင် ထီခီး-ဖူနာရွန်နယ်စပ် ဂိတ်ကို တရားဝင် တိုးချဲ့ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ငါးဖမ်း လုပ်ငန်းများတွင် ရောက်ရှိ အလုပ် လုပ်ကိုင် နေကြသော အထောက်အထားမဲ့ မြန်မာ အလုပ်သမားများ လူကုန်ကူးခံ ရခြင်း၊ နှိပ်စက်ခံရခြင်း၊ လုပ်ခလစာ ခေါင်းပုံ ဖြတ်ခံရခြင်းများမှ ကာကွယ်တား ဆီးနိုင်စေရေးနှင့် တရားဝင် အလုပ်သမားများ ဖြစ်စေရေးအတွက် အထောက်အထား စာရွက်စာတမ်းများ ရရှိစေရန် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။
ရွှေ့ပြောင်း အလုပ်သမားများအရေး နှင့်စပ်လျဉ်း၍ နှစ်နိုင်ငံ သက်ဆိုင်ရာ အာဏာပိုင်များ အကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ခြင်းဖြင့် အလုပ်သမားများအား မလိုလားအပ်သော နစ်နာ ဆုံးရှုံးမှုများမှ ကာကွယ် တားဆီးပေးနိုင်ရေး အတွက် ညှိနှိုင်း ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံသို့၃ ရက်အကြာ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်နှင့် စပ်လျဉ်း၍ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။
ထို့အတူ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ထိုင်းခရီးစဉ် အတွင်း နောင်မျိုးဆက်သစ်များ အတွက် ကောင်းမွန်သည့် အနာဂတ်ကို ထားရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် နှစ်နိုင်ငံအကြား နယ်နိမိတ် တိုင်းတာရေး လုပ်ငန်းများကို ပြန်လည် စတင် သွားကြရန် နှစ်ဖက် ဆွေးနွေး သဘောတူညီမှု ရရှိခဲ့ပြီး မြန်မာ အစိုးရအနေဖြင့် နယ်နိမိတ် တိုင်းတာရေး လုပ်ငန်းစဉ်များ စတင် ဆောင်ရွက်နိုင်ရန် ပူးတွဲ နယ်နိမိတ် ကော်မတီ အစည်းအဝေး (Joint Boundary Committee- JBC) ကို မြန်မာနိုင်ငံတွင် ခေါ်ယူ ကျင်းပ နိုင်ရေး အတွက် ထိုင်းနိုင်ငံဘက်သို့ သံတမန် လမ်းကြောင်းမှ တစ်ဆင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် ထိုင်းဘုရင့် နိုင်ငံအစိုးရတို့ အကြား အလုပ်သမားရေးရာ ပူးပေါင်း ဆောင်ရွက်ခြင်း ၊ အလုပ်သမားများ အလုပ်ခန့်ထားရေး နှင့် နှစ်နိုင်ငံအကြား နယ်စပ် ဖြတ်သန်းသွားလာရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ နှင့် သဘောတူ စာချုပ်များ လက်မှတ် ရေးထိုးခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.