Connect with us

Politics, Law & Military

တာချီလိတ်မြို့နယ်တွင် ငွေကျပ် သိန်း ၄၈၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများ ဖမ်းမိ

သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့် တရားခံအားတွေ့ရစဉ်(ဓာတ်ပုံ-CCDAC Myanmar)

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်
တာချီလိတ်မြို့နယ်၊ ကျိုင်းတုံ-တာချီလိတ်ကားလမ်းတွင် ငွေကျပ် သိန်း ၄၈၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC Myanmar)က ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းအား ရှောင်ကွင်းကာ မယ်လိတ်ပါကော်-ဖန်မင်ရွာတောလမ်းအတိုင်း မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အဓိကအသုံးပြုသော ထိန်းချုပ်ဓာတု ပစ္စည်းများဖြစ်သည့် ကဖင်းများတရားမဝင်သယ်ဆောင်လာမည့်သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ အဆိုပါလမ်းဝန်းကျင်၌ ပိတ်ဆို့ဖြန့်ခွဲစောင့်ဆိုင်းနေစဉ် လူ(၂) ဦး လိုက်ပါလာသော Vigo အမျိုးအစား မော်တော်ယာဉ်ရောက်ရှိလာသဖြင့် ရပ်တန့်ရှာဖွေနေစဉ် နောက်မှဆက်လက်လိုက်ပါလာသည့် Vigo အမျိုးအစား မော်တော်ယာဉ် ၃ စီးမှာနောက်ပြန်လှည့်မောင်းပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်း ယာဉ်အားပစ်ခတ်ဖမ်းဆီးမှုကြောင့် ကားဘီးများပေါက်၍ ဆက်လက်မောင်းနှင်မရဘဲ အဆိုပါယာဉ်များပေါ် တရားခံ(၄)ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ မော်တော်ယာဉ် ၄ စီးဖြင့် သယ်ဆောင်လာသည့် ကဖင်း ၆၀၂၅ ကီလို သိမ်းဆည်းရမိခဲ့၍ ဖမ်းမိတရားခံများ၏ ဖော်ထုတ်ချက်အရ ကဖင်းများအား ကျိုင်းလပ်မြို့နယ်၊ မယ်ခေါင်မြစ်ဘေးရှိ ကျကကျေးရွာမှ မိုင်းဆတ်မြို့နယ်၊ ပူနားကိုကျေးရွာသို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း တစ်ဖက်နိုင်ငံနယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့သယ်ယူကြောင်း စစ်ဆေးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော တရားခံ၂ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ (Xinhua)