Connect with us

Europe

အမေရိကန် စစ်လေယာဉ်များ ၏ လတ်တလောကာလ အတွင်း ဆောင်ရွက်ခဲ့သည့် စစ်ရေးလေ့ကျင့်မှု နှစ်ခု က ရုရှား နိုင်ငံ ကို ပစ်မှတ်ထား လေ့ကျင့်ခဲ့ကြောင်း ရုရှား နိုင်ငံ ပြောကြား

အမေရိကန် နိုင်ငံ လေတပ် ၏ ဗုံးကျဲလေယာဉ် တစ်စင်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ  မဟာဗျူဟာမြောက် ဗုံးကျဲလေယာဉ်များ က သြဂုတ် ၃၁ ရက် နှင့် စက်တင်ဘာ ၄ ရက် တို့ ၌ ပြုလုပ်ခဲ့သော စစ်ရေးလေ့ကျင့်မှုများ တွင် ခရုဇ်ဒုံးကျည်များဖြင့် ရုရှား နိုင်ငံ နယ်နိမိတ် အတွင်း ရှိ ပစ်မှတ်များကို တိုက်ခိုက်သည့် စစ်ရေးလေ့ကျင့်မှုမျိုး ပြုလုပ်ခဲ့ သည့် အတွက် ရုရှား နိုင်ငံ အနေဖြင့် စစ်ရေး အရ မိမိ နိုင်ငံ လုံခြုံရေး အား ကာကွယ်သည့် ဆောင်ရွက်မှု ပြုလုပ်ရန် လိုအပ်ကြောင်း ရုရှား နိုင်ငံ လေတပ် စစ်ဦးစီးချုပ် Sergei Surovikin က စက်တင်ဘာ ၁၁ ရက် ၌ ပြောကြား ခဲ့သည်။

Sergei Surovikin က သြဂုတ် ၃၁ ရက် တွင် အမေရိကန် နိုင်ငံ B-52H မဟာဗျူဟာမြောက် ဗုံးကျဲ လေယာဉ် ၃ စင်း က ဗြိတိန် နိုင်ငံ တောင်ပိုင်း Fairford လေတပ်စခန်း မှ စတင် ထွက်ခွာ ခဲ့ပြီး နယ်သာလန် ၊ ဂျာမနီ ၊ ပိုလန် စသည့် နိုင်ငံ တို့ကို ဖြတ်ကျော် ကာ Estonia စစ်အခြေစိုက်စခန်း လေပိုင်နက် မှ ပြန်လည် ပျံသန်း လာခဲ့ကြောင်း ၊ ရုရှား နိုင်ငံ လေတပ် ၏ သုံးသပ်မှု အရ အမေရိကန် နိုင်ငံ ဗုံးကျဲလေယာဉ်များ ၏ ယခု အကြိမ် ပျံသန်းမှု သည် ခရုဇ်ဒုံးကျည်ဖြင့် ရုရှား နိုင်ငံ Kaliningrad ပြည်နယ် နှင့် ရုရှား နိုင်ငံ အနောက်ပိုင်း ဒေသ ရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် လေ့ကျင့်မှု ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံ ဗုံးကျဲလေယာဉ်များ စစ်ရေးလေ့ကျင့်မှု ပြုလုပ်စဉ် ရုရှား နိုင်ငံ ရေတပ် နှင့် လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့ တို့ က ရေဒါ ဖြင့် ပျံသန်းမှု တစ်လျှောက် ခြေရာခံကင်းထောက်မှု ပြုလုပ်ခဲ့ကြကြောင်း ၊ အမေရိကန် နိုင်ငံ စစ်လေယာဉ်များ ရုရှား နိုင်ငံ လေပိုက်နက် အတွင်းသို့ မကျူးကျော်နိုင်ရန် အတွက် ရုရှား နိုင်ငံ ရေတပ် အနေဖြင့် Su-27 တိုက်လေယာဉ် နှစ်စင်းအား စေလွှတ် ခဲ့ပြီး တားဆီးမှု နှင့် ကင်းထောက်မှု တို့ကို ပြုလုပ်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Sergei Surovikin က အမေရိကန် နိုင်ငံ ၏ B-52H အမျိုးအစား ဗုံးကျဲလေယာဉ် ၃ စင်း က စက်တင်ဘာ ၄ ရက် တွင် Fairford လေတပ်စခန်း မှ ထပ်မံ ထွက်ခွာလာခဲ့ပြီး နယ်သာလန် ၊ ဂျာမနီ နှင့် ယူကရိန်း စသည့် နိုင်ငံ များကို ဖြတ်ကျော်ကာ Azov ပင်လယ် အနောက်ပိုင်း ပင်လယ်ပြင် သို့ ရောက်ရှိခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ ၏ လေယာဉ် ၃ စင်းသည် ပျံသန်းစဉ် အတွင်း ရုရှား နိုင်ငံ အနောက်တောင်ပိုင်း နယ်နိမိတ် နှင့် ၃၀ ကီလိုမီတာ အကွာအဝေး သာရှိသည့် အထိ ပျံသန်း ခဲ့သေးကြောင်း ၊ ယင်း လေယာဉ် ၃ စင်း က ရုရှား နိုင်ငံ တောင်ပိုင်း စစ်နယ်မြေ အတွင်းရှိ ပစ်မှတ်များ ကို ခရုဇ်ဒုံးကျည်ဖြင့် တိုက်ခိုက်ရန် လေ့ကျင့် ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

နောက်ဆုံးတွင် Sergei Surovikin က ရုရှား နိုင်ငံ လေတပ် အနေဖြင့် အမေရိကန် နိုင်ငံ ၏ မဟာဗျူဟာမြောက် ဗုံးကျဲလေယာဉ်များ ရုရှား နိုင်ငံ လေပိုင်နက် အနီးတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်း သည် ရန်လိုသည့် ရည်ရွယ်ချက် ရှိပြီး ရန်စသည့် အပြုအမူ ဖြစ်သည် ဟု ယူဆကြောင်း ၊ ရုရှား နိုင်ငံ အနေဖြင့် ဒေသတွင်း အခြေအနေ ကြီးမားစွာ ပြောင်းလဲမှု မဖြစ်ပေါ်စေလိုသဖြင့် ရုရှား နိုင်ငံ ၏ စစ်ရေးလေ့ကျင့်မှုများကို နိုင်ငံအတွင်း ၌ သာ ဆောင်ရွက်လေ့ရှိကြောင်း ၊ ရုရှား နိုင်ငံ အနေဖြင့် အပြုသဘော ဆောင်သည့် ညှိနှိုင်းဆောင်ရွက်မှု ပြုလုပ်သွားလိုပြီး သက်ဆိုင်ရာ လေပိုင်နက်များ တွင် လုံခြုံရေး ဆောင်ရွက်မှု ပြုလုပ်ကာ မတော်တဆမှုများ မဖြစ်ပွားရန် ကာကွယ်သွားလိုကြောင်း ၊ ရုရှား နိုင်ငံ လေတပ် အနေဖြင့် ဆက်လက်၍ ရုရှား နိုင်ငံ နယ်စပ်ဒေသ အခြေအနေ ကို လေ့လာစောင့်ကြည့် သွားမည် ဖြစ်ပြီး သက်ဆိုင်ရာ လိုအပ်သော ဆောင်ရွက်မှုများ ပြုလုပ်ကာ ရုရှား နိုင်ငံ လုံခြုံရေး ကို ထိန်းသိမ်းကာကွယ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.