Connect with us

Education & Health

မွေးဖွားခြင်း လုပ်ငန်းလမ်းညွှန် Application စတင် မိတ်ဆက်

App. မိတ်ဆက် အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မြင့်ထွေး အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ကလေးမွေးဖွားခြင်းနှင့် မွေးဖွားပြီး ပထမ လအတွင်း အရေးပေါ် အခြေအနေများအတွက် ဆောင်ရွက် ချက်များနှင့် ကူညီပေးခြင်း လမ်းညွှန်ချက်များ ပါဝင်သည့် Safe Delivery App. အား စတင်မိတ်ဆက် သည့် အခမ်းအနားကို နေပြည်တော်၊ Kempinski Hotel တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ App. နှင့် ပတ်သက်ပြီး “သားဖွားဆရာမတွေအနေနဲ့ ဒီ App. ကို အသုံးပြုပြီး မွေးဖွားပြီး သွေးလွန်ခြင်း၊ မွေးကင်းစ ကလေး အရေးပေါ် အသက်ကယ် ကုသပေးခြင်း ကဲ့သို့ အရေးပေါ် အခြေအနေတွေမှာ လွယ်ကူစွာ ကိုင်တွယ် ဖြေရှင်းနိုင်တော့မှာ ဖြစ်ပါတယ်”ဟု အခမ်းအနား သို့ တက်ရောက်လာသော ကန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံရုံးမှ သံအမတ်ကြီး Mr. Peter Lysholt Hansen အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မွေးဖွားခြင်း လုပ်ငန်းလမ်းညွှန် Application စတင် မိတ်ဆက်အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အရှင်မွေးကလေး တစ်သိန်းလျှင် မိခင်သေဆုံးမှုမှာ ၂၈၂ ဦးရှိပြီး မွေးကင်းစ ကလေး သေဆုံးနှုန်းမှာ ၂၀၁၅ – ၁၆ Demographic Health Survey အရ အရှင်မွေး တစ်ထောင်လျှင် ၂၅ ဦး ရှိကြောင်း၊ မြန်မာနိုင်ငံ၏ မိခင် သေဆုံးမှုမှာ အာဆီယံနိုင်ငံ များ အနက် ဒုတိယ အများဆုံး ဖြစ်နေပြီး ကိုယ်ဝန်ဆောင်ခြင်းနှင့် သားဖွားခြင်းကြောင့် နှစ်စဉ် အမျိုးသမီး ၂၈၀၀ ဦးခန့် သေဆုံးနေရကြောင်း၊ ယခု App. တွင် ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်နှင့် မွေးဖွားပြီး အရေးပေါ် အခြေအနေများ၌ စနစ်တကျ စောင့်ရှောက်မှု ပေးနိုင်ရန် နားလည်ရ လွယ်ကူ သော ရုပ်ပြ ဗွီဒီယိုများ၊ လုပ်ဆောင်ရမည့် ညွှန်ကြားချက်များ၊ အသုံးပြုရမည့် ဆေးဝါးစာရင်း များ ပါဝင်ကြောင်း၊ ယခု App. ကို အသုံးပြုခြင်းဖြင့် မိခင်နှင့် မွေးကင်းစ ကလေး သေဆုံးမှုများ မဖြစ်ပွားစေ ရန် ကူညီ စောင့်ရှောက်ပေးနိုင်မည် ဟု မျှော်လင့်ပါကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောခဲ့ သည်။

အခမ်းအနားသို့ တက်ရောက်လာသည့် ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး Mr. Peter Lysholt Hansen က “ယနေ့ကဲ့သို့ နည်းပညာ လွန်စွာ တိုးတက်နေသော ကာလတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင် ဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် မိုဘိုင်းဖုန်း နည်းပညာ အသုံးပြုပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ မြှင့်တင်တာဟာ အလွန် ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

မိုဘိုင်းဖုန်းဖြင့် အသုံးပြုနိုင်သည့် အဆိုပါ Safe Delivery App. ကို Denmark-based Maternity Foundation, Copenhagen နှင့် University of Southern Denmark တို့က စတင် ပြုစု ထုတ်လုပ် ခဲ့ပြီး အာဖရိကနှင့် အရှေ့တောင်အာရှ နိုင်ငံပေါင်း လေးဆယ်ကျော်တွင် အသုံးပြုလျက်ရှိကြောင်း၊ အဆိုပါ App. ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် Danish Medical Women’s Association and MaternityFoundation တို့ ပူးပေါင်းကာ မြန်မာနိုင်ငံက ချမှတ်ထားသော လမ်းညွှန်ချက်များနှင့် ကိုက်ညီအောင် ပြင်ဆင် ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း၊ မိုဘိုင်းဖုန်းများရှိ Apple Storeသို့ ဝင်ရောက်ပြီး Safe Delivery ဟုရိုက်ကာ download ပြုလုပ် ရယူနိုင်ကြောင်း၊ install ပြုလုပ်ပြီးပါက App. ထဲ ဝင်၍ Choose Version လုပ်ရာတွင် Myanmar 81 MB ကို ရွေးချယ်ပြီး download ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.