Connect with us

Social

ကလေးစစ်သား စုဆောင်းမှုကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ထည့်သွင်း ဆွေးနွေးမည်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲချုပ် ဇော်ဝင်းက မြန်မာနိုင်ငံ လူကုန်ကူး တိုက်ဖျက်ရေး ဆိုင်ရာ ဒုတိယ ငါးနှစ်အပေါ် ပြန်လည် သုံးသပ်မှုနှင့် တတိယ ငါးနှစ် စီမံကိန်း ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ကလေးစစ်သား စုဆောင်းမှုနှင့် စစ်သားအဖြစ် အသုံးချမှုများ ရပ်တန့်စေရေးအတွက် အဆိုပါ ကိစ္စကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ထည့်သွင်း ဆွေးနွေးသွားရန် အမေရိကန်နိုင်ငံက အကြံပြုထားသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲချုပ် ဇော်ဝင်းက ပြောသည်။

“အမေရိကန်က ထုတ်ပြန်တဲ့ ၂၀၁၆ ခုနှစ် အစီရင်ခံစာပါ အကြံပြုချက် ၁၄ ချက်ကိုလည်း ထည့်သွင်း စဉ်းစား ရမှာ ဖြစ်ပါတယ်။ အကြံပြုချက် တွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရဲ့ ကလေးစစ်သား စုဆောင်းမှု၊ စစ်သားအဖြစ် အသုံးချမှု၊ အဓမ္မ လုပ်အား စေခိုင်းမှုများ ရပ်တန့်စေရေးအတွက် ဒီကိစ္စကို Peace process ထဲ ထည့်သွင်း ဆွေးနွေးဖို့ပါ။ အဲဒီ အကြံပြုချက်တွေကို မိမိတို့နိုင်ငံနဲ့ကိုက်ညီတဲ့ လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ဖို့အခု ဆွေးနွေးပွဲမှာ ဆွေးနွေး သွားကြစေလိုပါတယ်” ဟု နေပြည်တော် Park Royal Hotel တွင် ယနေ့နံနက်မှ နှစ်ရက်တာ ပြုလုပ်မည့် မြန်မာနိုင်ငံ လူကုန်ကူး တိုက်ဖျက်ရေး ဆိုင်ရာ ဒုတိယ ငါးနှစ်အပေါ် ပြန်လည် သုံးသပ်မှုနှင့် တတိယ ငါးနှစ် စီမံကိန်း ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ရဲချုပ်က ပြောခဲ့သည်။

မြန်မာနိုင်ငံ လူကုန်ကူး တိုက်ဖျက်ရေး ဆိုင်ရာ ဒုတိယ ငါးနှစ်အပေါ် ပြန်လည် သုံးသပ်မှုနှင့် တတိယ ငါးနှစ် စီမံကိန်း ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပနေစဉ် (ဆင်ဟွာ)

အကြံပြုချက် ၁၄ ချက်တွင် ပြည်တွင်း လူကုန်ကူးမှုများနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုများ၊ တရားစွဲဆိုမှုများ၊ ပြစ်ဒဏ် ချမှတ်မှုများကို တိုးမြှင့် ဆောင်ရွက်ရန်၊ အဓမ္မ လုပ်အား စေခိုင်းမှုနှင့် ကလေးစစ်သား စုဆောင်းမှု ကျူးလွန်သည့် တပ်မတော်နှင့် အရပ်ဘက် အရာရှိများ၊ အရပ်သား ပွဲစားများအား အရပ်ဘက် တရားရုံးတွင် တရားစွဲတင်ရန်၊ ထောင်ဒဏ်အပါအဝင် ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ရန်၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အထူးရဲတပ်ဖွဲ့များ၊ နယ်မြေရဲများနှင့် တရားသူကြီးများ အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် စသည့် အချက်များလည်း ပါဝင်သည်။
“ဒီ အကြံပြုချက်တွေဟာ မိမိတို့နိုင်ငံရဲ့လုပ်ဆောင်ချက်တွေကို သုတေသနပြုပြီး ထောက်ပြ အကြံပြုထားတာ ဖြစ်လို့ လာမယ့် ငါးနှစ်တာ ကာလအတွင်းမှာ သင့်လျော်တဲ့ အကောင်အထည် ဖော်မှုတွေ ဆောင်ရွက်မှသာ မိမိတို့ရဲ့ ကြိုးပမ်း ဆောင်ရွက်ချက် တွေကို နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ရလဒ်ကောင်းတွေ ရမှာ ဖြစ်ပါတယ်” ဟုလည်း မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ ငါးနှစ် စီမံကိန်း အကောင်အထည် ဖော်ရေး လုပ်ငန်းအဖွဲ့( National Task Force) ၏ ဥက္ကဋ္ဌလည်း ဖြစ်သည့် ရဲချုပ် ဇော်ဝင်းက တိုက်တွန်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် လူကုန်ကူးမှု တားဆီးရေးကို ၁၉၉၇ ခုနှစ်မှစပြီး အမျိုးသားရေး တာဝန် တစ်ရပ် အဖြစ် ဆောင်ရွက်ခဲ့ရာ ၂၀၀၈ ခုနှစ် မတ်လ ၂၇ ရက်တွင် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ ငါးနှစ် စီမံကိန်း အကောင်အထည် ဖော်ရေး လုပ်ငန်းအဖွဲ့( National Task Force) ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယ ငါးနှစ် စီမံကိန်းဖြစ်သည့် ၂၀၁၂ – ၂၀၁၆ ကာလအတွင်း ဆောင်ရွက်ချက်များအပေါ် သက်ဆိုင်ရာ ကဏ္ဍများ အလိုက် အားနည်းချက်၊ အားသာချက်များကို သုံးသပ်ပြီး ယခု တတိယ ငါးနှစ် (၂၀၁၇ မှ ၂၀၂၁ ခုနှစ်) စီမံကိန်းကို ရေးဆွဲနိုင်ရန် ယခု ဆွေးနွေးပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်းလည်း ရဲချုပ်က ရှင်းပြခဲ့သည်။
ဇူလိုင်လ ၂၇ မှ ၂၈ ရက်ထိ နှစ်ရက်တိုင် ပြုလုပ်မည့် ထို ဆွေးနွေးပွဲသို့မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်၊ ရဲဦးစီး အရာရှိချုပ်၊ နိုင်ငံ ဖြတ်ကျော် မှုခင်းဌာနကြီး၊ ဆက်သွယ်ရေးနှင့် သတင်း နည်းပညာဌာန၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာ မှုခင်း တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ သစ်တော လုံခြုံရေး ရဲတပ်ဖွဲ့မှ ရဲ အရာရှိများနှင့်အတူ ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးများနှင့် ဆက်စပ် ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း (ဗဟို)၊ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ် တို့မှ တာဝန်ရှိသူများ၊ UNICEF, ILO, IOM စသည့် NGOs များမှ ဌာနေ တာဝန်ခံများ လည်း တက်ရောက် ကြပြီး အဖွဲ့ ငါးဖွဲ့ ဖွဲ့ကာ ဆွေးနွေးသွားကြမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.