Connect with us

Social

ရန်ကုန်မြို့နေ ပြည်သူများအတွက် ဇုန် အလိုက် ရေဖြန့်ဝေပေးမည့် စီမံကိန်းအတွက်လုပ်ငန်းစဉ် များ ဆက်လက်ဆောင်ရွက်နေ

ရန်ကုန်တိုင်းဒေသကြီး ၏ ရေပေးဝေ ရေးစီမံကိန်း တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာ့အလင်း)

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့နေ ပြည်သူများအတွက် ဇုန် အလိုက် ရေဖြန့်ဝေပေးမည့် စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက ၂၀၁၉ ခုနှစ် ဩဂုတ် ၂၇ ရက်က အဆိုပြုလွှာ များ တင်သွင်းရန် ဖိတ်ခေါ်ခဲ့ပြီး လုပ်ငန်းစဉ် များ ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးထံမှ သိရသည်။

“ရန်ကုန်မြို့ သောက်သုံးရေဖြန့်ဝေရေး လုပ်ငန်းမှာ ရေခိုးသွယ်မှုနဲ့ ရေအလေအလွင့်၊ ဆုံးရှုံးမှုတွေ ရှိနေတာမို့ ရေအလေအလွှင့် နည်းပါးစေဖို့ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း” ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောထားသည်။

လက်ရှိအခြေအနေတွင် ရန်ကုန်မြို့ ရေဖြန့်ဖြူးရေးလုပ်ငန်းစဉ်တွင် မြို့တော် စည်ပင်သာယာရေးက ရေလေလွင့်ဆုံးရှုံးမှုကို ၆၀ ရာခိုင်နှုန်းခန့်သာ ထိန်းသိမ်းထားနိုင် ကြောင်း သိရသည်။

ရန်ကုန်မြို့နေ ပြည်သူများ သောက်သုံးရေ နေ့စဉ်ဖူလုံစွာ ရရှိနိုင်ရေးအတွက် ရန်ကုန်မြို့ ရေပေးဝေရေးစနစ်တစ်ခုလုံး ပြောင်းလဲပြီး ဇုန် ၁၀ ဇုန် ခွဲခြားသတ်မှတ်ကာ ရေပေးဝေ ဖြန့်ဖြူးတော့မည်ဖြစ်သည်။ 

ဇုန်အလိုက် ရေပေးဝေမှု အစီအစဉ် စတင် မှုအဖြစ် ကမ္ဘာအေးဘုရားလမ်းတွင် ရေပိုက်လိုင်းတစ်ခု ဆောင် ရွက်ထားပြီးဖြစ်ကာ ရေသန့်စင်စက်ရုံများ တည်ဆောက်ရန်လည်း စီစဉ်နေပြီဖြစ်ကြောင်း၊ ပိုက်များသွယ်တန်းခြင်း၊ ရေမီတာများ တပ်ဆင်ခြင်းများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှစတင်ပြီး အကောင်အထည် ဖော်တော့မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် လက်ရှိ ရေဖြန့်ဝေပေးရာ ၌ အိမ်သုံးရေတစ်ယူနစ်လျှင် ငွေကျပ် ၈၈ ကောက်ခံနေပြီး စီးပွားရေးသုံးအတွက် ရေ မီတာတစ်ယူနစ်လျှင် ငွေကျပ် ၁၂၀ ကောက်ခံ နေကြောင်း သိရသည်။

ရန်ကုန်မြို့နေ ပြည်သူများအတွက် လက်ရှိအခြေအနေတွင် ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ်(၁)၊ ငမိုးရိပ်(၂) ရေလှောင် ကန်တို့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ ရေတွင်းများမှလည်း ရယူကာ သောက်သုံးရေများ ဖြန့်ဖြူးပေးလျက်ရှိရာ နေ့စဉ် ရေဂါလန် ၂၀၅ သန်းခန့် ရှိကြောင်း သိရသည်။

ထို့ပြင် လဂွန်းပြင်နှင့် ကုက္ကိုလ်ဝ ရေပေးဝေရေးစီမံကိန်းတို့ကလည်း လာမည့် ၂၀၂၇ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း၊ ထန်းတပင်မြို့ရှိ ကုက္ကိုလ်ဝမြစ် ရေသန့်စင် ပေးဝေရေးစီမံကိန်းမှာ လာမည့် ၂၀၂၅ ခုနှစ်၌ ပြီးစီးမည်ဟု မျှော်မှန်းထားရာ ယင်းစီမံကိန်း မှ သောက်သုံးရေများကို လှိုင်သာယာ၊ ဗိုလ် တထောင်၊ ပုဇွန်တောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံ၊ စမ်းချောင်း၊ ဆိပ်ကမ်း၊ တာမွေ၊ လမ်းမတော်၊ လသာ၊ အလုံ၊ ကြည့်မြင်တိုင် စသည့်မြို့နယ် များကို ရေဖြန့်ဖြူးပေးနိုင်ရေး စီစဉ်သွားမည် ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာတွင်ပါရှိသည်။ (Xinhua)