Connect with us

Videos

မြန်မာနိုင်ငံတွင် ရေကြီး၊ မြေပြိုမှုများကြောင့် လူပေါင်း ၄၅,၀၀၀ ကျော် ဘေးလွတ်ရာသို့ပြောင်းရွှေ့

ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၄၅,၀၀၀ ကျော်မှာ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လေးရွှေစင်ဦးက ဆင်ဟွာသို့ ပြောသည်။ဒေါ်လေးရွှေစင်ဦးက “မွန်ပြည်နယ်က ၃ ဦးနဲ့ ရခိုင်ပြည်နယ်က ၂ ဦး အပါအဝင် စုစုပေါင်း လူ ၅ ဦးက အခု ရေကြီးရေလျှံမှုအတွင်းမှာ သေဆုံးခဲ့ပါတယ်”ဟု ပြောသည်။
ယခု မိုးလယ်ကာလအတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် မုတ်သုံရာသီအတွင်း ရေကြီးရေလျှံသည့် သဘာဝဘေးကိုခံစားခဲ့ရကြောင်း ၎င်းကဆိုသည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် ရေဘေးသင့်ပြည်သူများအတွက် တစ်နိုင်ငံလုံးတွင် ကယ်ဆယ်ရေးစခန်း ၁၀၉ ခု ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတွင် ဖွင့်လှစ်ရသည့် ရေဘေးကယ်ဆယ်ရေးစခန်းများ ပိုမိုများပြားကြောင်း ဒေါ်လေးရွှေစင်ဦး ၏ ပြောကြားချက်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် ရေကြီးရေလျှံမှုနှင့် မြစ်ရေမြင့်တက်မှုကြောင့် အိမ်ထောင်စု ၂,၁၄၆ စုမှ လူဦးရေ ၁၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကရင်ပြည်နယ်တွင် မြို့နယ် ခုနစ်ခုအနက် ခြောက်ခုတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး လူဦးရေ ၁၈,၀၀၀ ကျော်ကို ၎င်းတို့၏ နေအိမ်များမှ ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် သြဂုတ် ၇ ရက်၌ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး လမ်းပိုင်းတစ်ပိုင်း ပြိုကျကာ လမ်းပန်းဆက်သွယ်ရေးကို အဟန့်အတားဖြစ်စေပြီး ယာဉ်များ သွားလာမှု ခက်ခဲလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကရင်ပြည်နယ် မြို့တော် ဘားအံနှင့် မွန်ပြည်နယ် မြို့တော် မော်လမြိုင်တို့ကို ဆက်သွယ်ထားသည့် အရေးကြီးသော ကားလမ်း အစိတ်အပိုင်းများကိုလည်း သြဂုတ် ၁၀ ရက်က ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ မူလတန်းကျောင်း ၁၂ ကျောင်းကိုလည်း ရေနစ်မြုပ်ခဲ့သောကြောင့် ယာယီပိတ်ခဲ့ရကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှုကြောင့် အိမ်ထောင်စု ၂၉၇၃ စုမှ လူဦးရေ ၁၂,၄၆၁ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
ပဲခူးမြို့ခံတစ်ဦးဖြစ်သူ ကိုအေးလှက “ကျွန်တော့်အိမ်ရဲ့ မြေညီထပ်က ရေဝင်နေပြီး ခြံထဲမှာ ရေတွေက ရင်ဘတ်အမြင့်အထိ တက်နေပါတယ်” ဟု ဆင်ဟွာသို့ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက “ဒီရက်မိုးရွားသွန်းမှုများခဲ့တယ်။ နေ့တိုင်း ပုံမှန်မိုးရေချိန်နဲ့ ရွာတာမျိုးမဟုတ်ဘူး။ တစ်ရက်နှစ်ရက်အတွင်း ရွာသွန်းတဲ့အချိန် မိုးရေချိန်က အရမ်းများတဲ့အတွက် ရေကြီးရေလျှံမှုတွေ ဖြစ်ရတာပါ” ဟုဆင်ဟွာသို့ပြောသည်။

စစ်တောင်းမြစ်၊ ပဲခူးမြစ်နှင့် သံလွင်မြစ်အပါအဝင် မြစ်အများအပြားမှာ သြဂုတ် ၉ ရက်၌ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့နယ်နှင့် ပဲခူးမြို့နယ်၊ ကရင်ပြည်နယ် ဘားအံမြို့နယ်တို့ရှိ မြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများ အနေဖြင့် အထူး သတိပြုနေထိုင်သင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားသည်။

သြဂုတ် ၁၁ ရက်မှ ၂၀ ရက်အထိ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အပါအဝင်မြန်မာတစ်နိုင်ငံလုံးရှိ ဒေသအသီးသီးတွင် မြစ်ရေများ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသဌာနက သြဂုတ် ၁၀ ရက်မှ ၂၀ ရက် အထိ ခန့်မှန်းချက်ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.