Connect with us

Local

အစိုးရသစ်၏ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ ၁၂ ချက် ယနေ့ ထုတ်ပြန်

စီးပွားရေး တိုးတက်မှု အတွက် ပြည်ပသို့ အဓိက ကုန်တင်ပို့မှုပြုရာ ရန်ကုန်ဆိပ်ကမ်းကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ စီးပွားရေး မူဝါဒသည် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော အစဉ်အဆက်မပြတ် တိုးတက်မှု ရရှိစေရန် ရည်ရွယ်ပြီး အစိုးရအသစ်သည် ယနေ့ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ ၁၂ ချက်ကို တရားဝင် ထုတ်ပြန် ကြေညာလိုက်ကြောင်း သိရသည်။

နိုင်ငံတော်၏ ရှေ့ဆက် ဆောင်ရွက်မည့် စီးပွားရေးမူဝါဒ အသစ်တွင် သယံဇာတ အရင်းအမြစ်များ ရေရှည် ထိန်းသိမ်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် မျှတမှန်ကန်စွာ အသုံးချနိုင်မည့် မူဝါဒတခု အဖြစ် မျှော်မှန်းထားကြောင်း ဖော်ပြထားသည်။

အဆိုပါ စီးပွားရေး မူဝါဒများသည် ပွင့်လင်း မြင်သာပြီး ကောင်းမွန် တောင့်တင်းသည့် ပြည်သူ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှု စနစ်ဖြင့် ဘဏ္ဍာရေး အရင်းအမြစ်များ တိုးတက် ပွားများလာအောင် ဆောင်ရွက်ရန်၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ပိုမိုအောင်မြင်စေရန် ဆောင်ရွက်ခြင်း၊ ပြုပြင်ပြောင်းလဲ လုပ်ကိုင်နိုင်ခြေရှိသော လုပ်ငန်းများကို ပုဂ္ဂလိကပိုင် အဖြစ် ပြောင်းလဲ လုပ်ဆောင်ခြင်းတို့ အပြင် အလုပ်အကိုင် ရရှိရေးနှင့် စီးပွားရေး တိုးတက်မှုကို အထောက်အကူပြုသည့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ပံ့ပိုးကူညီရန်၊ ခေတ်မီ ဖွံ့ဖြိုးသော

စီးပွားရေးကို ဖြစ်ထွန်းနိုင်စေသည့် လူ့အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်နှင့် ပညာရပ်ပိုင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန် ဖော်ပြထားသည်။

ထို့ပြင် လျှပ်စစ်ဓာတ်အား၊ လမ်းများ၊ ဆိပ်ကမ်းများစသည့် အခြေခံ စီးပွားရေး အဆောက်အအုံများ လျင်မြန်စွာ တိုးတက်လာစေရေးကို ဦးစားပေး ဆောင်ရွက်ရန်နှင့် Data ID Card System၊ Digital Government strategy နှင့် e-government systemတို့ကို ထူထောင်ရန်၊ ပြည်တွင်းနေနိုင်ငံသားများ နှင့် နိုင်ငံရပ်ခြားမှ ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသားများ အားလုံးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ထုတ်ပေးရန်နှင့် အလုပ်အကိုင် အခွင့်အလမ်း မြင့်မားသော စီးပွားရေး လုပ်ငန်းများကို ကာလတိုအတွင်း ပိုမို

ဦးစားပေး ဆောင်ရွက်ရန်၊ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာ ဖူလုံစေရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့ အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေး ကဏ္ဍနှင့် စက်မှုကဏ္ဍများ ဘက်ညီစွာ တိုးတက်လာစေရန်နှင့် လယ်ယာစက်မှုကဏ္ဍ ချိန်ခွင်လျှာ ညီသည့် စီးပွားရေး ပုံစံဖော်ထုတ်ရန်တို့ ဖြစ်သည်။
ဆက်လက်၍ နိုင်ငံတော်၏ စီးပွားရေး မူဝါဒများတွင် ဈေးကွက်စီးပွားရေး စနစ်နှင့် အညီ ပုဂ္ဂလိကဏ္ဍ တိုးတက်ရေး အတွက် နိုင်ငံသားတိုင်း မိမိတို့လုပ်ကိုင်လိုသည့် စီးပွားရေး လုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရှိစေရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် အတွက် မူဝါဒများနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်အတွက် မူဝါဒများ သီးခြားရေးဆွဲဆောင်ရွက်ရန်၊ မူပိုင်ခွင့်များနှင့် တရားဥပဒေ စိုးမိုးမှု ရှိစေရေးအတွက် တိုးမြှင့်ဆောင်ရွက်ရန်စသည့်တို့ပါဝင်သော စီးပွားရေး မူဝါဒကို ယနေ့ ထုတ်ပြန်ခဲ့သည်။

တောင်သူလယ်သမားများစီးပွားရေးလုပ်ငန်းများ တိုးတက်စေရန်၊ သဘာဝ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ပိုမို စောင့်ရှောက် ထိန်းသိမ်းနိုင်ရန်၊ နိုင်ငံတော် ဝင်ငွေ တိုးတက်ရရှိရန် ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများဖြင့် ကာကွယ်ပေးရန်၊ တီထွင် ဖန်တီးမှု စွမ်းရည်များကို အထောက်အပံ့ ဖြစ်စေသော လုပ်ထုံး လုပ်နည်းများကို ပြဌာန်းရန်နှင့် စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အာဆီယံ ဒေသတွင်း သာမက အခြားဒေသများအတွင်း၌ တိုးတက် ပြောင်းလဲလာနိုင်သော အခြေအနေများကို မျှော်မှန်း ထူထောင်ရန် ထုတ်ပြန်ထားသည်။ (Xinhua)