Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒအစီအစဉ်အသေးစိတ်လွှတ်တော် နှင့် ပြည်သူထံ အချိန်မီအသိပေးကြေညာမည်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ဆဋ္ဌမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကျင်းပစဉ် (ဓာတ်ပုံ-- ရန်ကုန်တိုင်းဒေသကြီးအစိုးရ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

၂၀၁၈ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒအား အစိုးရအဖွဲ့မှ ပြန်လည်သုံးသပ်၍ စိစစ်ပြီးဆောင်ရွက်မည့် အစီအစဉ်အသေးစိတ်အား တိုင်းဒေသကြီးလွှတ်တော် နှင့် ပြည်သူတို့ထံအချိန်မီကြိုတင်အသိပေးကြေညာသွားမည်ဖြစ်ကြောင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ဆဋ္ဌမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)တွင်ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင် မေးမြန်းသော “လူပုဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် မော်တော်ယာဉ် တင်သွင်းခွင့်(Free Permit)ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည်စိစစ်ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ”မေးခွန်းနှင့်ပတ်သက်ပြီး ဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“၂၀၁၈ခုနှစ်မှာရန်ကုန်တိုင်းဒေသကြီးအတွင်းမော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှပြန်လည်သုံးသပ်ပြီးစိစစ်ဆောင်ရွက်ရန်စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဆောင်ရွက်မယ့် အစီအစဉ်အသေးစိတ်ကိုတိုင်းဒေသကြီးလွှတ်တော်နှင့်ပြည်သူတို့ထံ အချိန်မီကြိုတင် အသိပေး ကြေညာမည်ဖြစ်ပါကြောင်းဖြေကြားအပ်ပါသည်”ဟုဝန်ကြီးကပြောသည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒများအား နှစ်စဉ်ပြဋ္ဌာန်းထုတ်ပြန်၍ ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့်ပြုခဲ့ရာ စီမံချက်စတင်ဆောင်ရွက်သည့် ၂၀၁၁ခုနှစ်၊ စက်တင်ဘာလမှ လက်ရှိကာလအထိ မော်တော်ယာဉ်စီးရေ(၈.၈)သိန်းကျော် တင်သွင်းခွင့်ပြုခဲ့ပြီး အများစုမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသုံးပြုနေကြသဖြင့် ရန်ကုန်မြို့တွင် လမ်းပိတ်ဆို့မှုများ၊ ယာဉ်ကြော ကြပ်တည်းမှုများကို နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသည်ကို တွေ့ရှိရပါကြောင်း၎င်းကပြောသည်။

ယခင်အစိုးရလက်ထက်တွင် ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလမှစ၍ ရန်ကုန်တိုင်းဒေသကြီးလိပ်စာဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်၊ ကုမ္ပဏီများမှ မော်တော်ယာဉ် တင်သွင်းခွင့်လျှောက်ထားမှုများနှင့် အခြားပြည်နယ်/တိုင်းဒေသကြီးများမှ ရန်ကုန်သို့လိပ်စာပြောင်းလျှောက်ထားမှုများကို ကားပါကင် ထောက်ခံချက်လျှောက်ထားစေခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုမိန့်ပါရှိမှသာ ခွင့်ပြုသည့် စနစ်ကိုလည်း ကျင့်သုံးခဲ့ပြီး ထိရောက်မှုမရှိသဖြင့် ၂၀၁၆ခုနှစ်၊ မတ်လအတွင်း ပါကင်ခွင့်ပြုမိန့်များ ထုတ်ပေးခြင်းကို ရပ်ဆိုင်းခဲ့ကြောင်း၎င်းကပြောသည်။

အစိုးရသစ်လက်ထက်တွင် ယာဉ်ကြောကြပ်တည်းမှုများကို ဖြေရှင်းနိုင်ရေးအတွက် အဓိကကျသော လမ်းဆုံများတွင် ဂုံးကျော်တံတားများတည်ဆောက်ခြင်း၊ လမ်းများချဲ့ထွင်ခြင်း၊ ကုန်တင်ယာဉ်များကို ညအချိန်တွင်သာ အသုံးပြုစေခြင်း စသည့်နည်းလမ်းများဖြင့် ဖြေရှင်း ဆောင်ရွက်လျက်ရှိသကဲ့သို့ အများပြည်သူသွားလာမှု အဆင်ပြေချောမွေ့စေရေး အတွက် မထသ စနစ်ကို ဖျက်သိမ်းပြီး YRTA ပြန်လည်ဖွဲ့စည်းခြင်း၊ BUS ကားများအား အများပိုင် YBS စနစ်စတင် အကောင်အထည်ဖော်ခြင်း အစရှိသည့် နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း ဝန်ကြီးကဆက်လက်ပြောသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ် တင်သွင်းမှုများအပေါ် ထိရောက် ကောင်းမွန်သည့် စနစ်တစ်ရပ်ပြောင်းလဲကျင့်သုံးနိုင်ရန် ယခင်အစိုးရလက်ထက်တွင် ဆောင်ရွက်ခဲ့သည့် လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ်လျှောက်ထားမှုများနှင့် ကုမ္ပဏီများမှ မော်တော်ယာဉ် တင်သွင်းခွင့်လျှောက်ထားမှု၊ နယ်ဝင်လိပ်စာပြောင်း လျှောက်ထားမှုများအပေါ် ဆိုင်းငံ့ထားခဲ့ကြောင်း၎င်း ကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.