Connect with us

Politics, Law & Military

အမေရိကန်အနေဖြင့် ကပ်ရောဂါတိုက်ဖျက်ရေး အမြန်ဆုံးအောင်မြင်ရန် ကြိုးပမ်းရမည်ဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းထံသို့ ရာဇသံပေးပို့ရမည် မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား မေ ၂၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်)

ပေကျင်း၊မေ ၂၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံအနေဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးကိုသာ အောင်မြင်မှု ရရှိအောင် အမြန်ဆုံးကြိုးပမ်းသွားရမည်ဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းထံသို့ နောက်ဆုံးရာဇသံပေးပို့ရမည် မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက မေ ၂၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

သတင်းထောက်တစ်ဦးက “သမ္မတ ထရမ့် ရဲ့ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်ကို ပေးပို့ခဲ့တဲ့ အကြောင်းကြားစာနဲ့စပ်လျဉ်းပြီး ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက  WHOကို ဆက်လက် အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း၊ EU နိုင်ငံခြားရေးရာကောင်စီပြောရေးဆိုခွင့်ရှိသူက အခုအချိန်သည် စည်းလုံးညီညွတ်ရမှာဖြစ်ပြီး အပြစ်တင်ပြောဆိုတာ သို့မဟုတ် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုကို ဖျက်လိုဖျက်ဆီးလုပ်ရမယ့် အချိန် မဟုတ်ကြောင်း၊ EUအနေနဲ့ WHOရဲ့ ကပ်ရောဂါကာကွယ်တားဆီးရေး ကြိုးပမ်းချက်တွေကို ထောက်ခံသွားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ကုလသမဂ္ဂ ဂျီနီဗာရုံး ရုရှားအမြဲတမ်းကိုယ်စားလှယ်ကလည်း ထရမ့်ရဲ့စာဟာ အဓိပ္ပါယ်မရှိကြောင်းနဲ့ ဆန့်ကျင် ကန့်ကွက်ကြောင်း ၊ WHO အနေနဲ့ နိုင်ငံများအကြား ဆေးကုသမှုဆိုင်ရာ ကျန်းမာရေးကဏ္ဍ ညှိနှိုင်းဆောင်ရွက်ပေးဖို့လိုကြောင်း ၊ လက်ရှိ ကပ်ရောဂါကို တိုက်ဖျက်ရေးမှာ ထိပ်တန်း ဦးစားပေးရမယ့် အရေးကြီးတာဝန်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စအပေါ် ဘယ်လို တုံ့ပြန်ပြောကြားလိုပါသလဲ”ဟူသော မေးမြန်းခဲ့သည့်အပေါ် ကျောက်လိကျန်းက အထက်ပါအတိုင်း တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာအသိုက်အဝန်း၏တုံ့ပြန်မှုတွေမှတစ်ဆင့် အမေရိကန်နိုင်ငံ၏အမှန်တရားကို လိမ်လည်မှု၊ အမြီးအမောက်မတည့်မှု၊ ခေါင်းရှောင်အပြစ်ပုံချမှု၊ ကပ်ရောဂါတိုက်ဖျက်ရေးနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်းအား ဖျက်လိုဖျက်ဆီးပြုမှုများကို အများက သဘောမတူခြင်းကို တွေ့နိုင်ကြောင်း ၊ ပေးပို့ခဲ့သည့် ၎င်းအကြောင်းကြားစာတွင် ဖော်ပြပါရှိသည့် မှားယွင်းမှုများကို မိမိတို့အနေဖြင့် အကြိမ်များစွာ တုံ့ပြန်ပြောဆိုထားပြီး ဖြစ်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။ 

“တရုတ်နိုင်ငံဟာ ကပ်ရောဂါတိုက်ဖျက်ရေးမှာ ပွင့်လင်းမြင်သာမှုရှိပြီး စံနမူနာဖြစ်တယ်ဆိုတဲ့  WHOရဲ့ ချီးမွမ်းပြောဆိုချက်အပေါ် ဝေဖန်တိုက်ခိုက်နေတဲ့ အမေရိကန်နိုင်ငံအနေနဲ့ နိုင်ငံ့ခေါင်းဆောင်ကိုယ်တိုင်  တရုတ်နိုင်ငံရဲ့ဆောင်ရွက်ချက်တွေကို အများရှေ့မှာ များစွာ အကောင်းမြင်ချီးကျူး ပြောဆိုခဲ့တာကို မေ့ထားသယောင်ပါပဲ။ တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တာဆီးဖို့ ကြီးမားစွာ ကြိုးပမ်းဆောင်ရွက်နေသလို အမေရိကန်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ကြိုးပမ်းဆောင်ရွက်မှုနဲ့ပွင်းလင်းမြင်သာမှုကို အထူးချီးကျူးပါတယ်လို့  ဇန်နဝါရီ ၂၅ ရက်မှာ သမ္မတ ထရမ့်က တွစ်တာမှပြောကြားခဲ့ပါတယ် ၊ မတ် ၁၃ ရက်မှာလည်း သတင်းထောက်များကို   တရုတ်နိုင်ငံက မျှဝေပေးတဲ့အချက်အလက်တွေဟာ အမေရိကန်ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အထောက်အကူဖြစ်တယ်လို့လည်း သူက ပြောကြားခဲ့ပါသေးတယ်။ ” ၎င်းက ဆိုသည်။ 

“အချိန်အတိုင်းအတာအရကြည့်မယ်ဆိုရင် ဇန်နဝါရီ ၂၃ ရက် ဝူဟန့်မှာ မြို့ပိတ်ဆို့မှုတွေပြုလုပ်စဉ် အမေရိကန်နိုင်ငံမှာ အတည်ပြုလူနာ ၁ ဦးရှိခဲ့တယ်။ ဖေဖော်ဝါရီ ၂ ရက်မှာ တရုတ်နိုင်ငံသားအားလုံးနဲ့ ၁၄ ရက်အတွင်း တရုတ်နိုင်ငံသို့သွားရောက်ခဲ့ဖူးသော နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့စဉ်က အမေရိကန်အစိုးရရဲ့ထုတ်ပြန်ချက်အရ ပြည်တွင်းမှာ အတည်ပြုလူနာ ၁၁ ဦး၊ မတ် ၁၃ ရက် အရေးပေါ်အခြေအနေ ကြေညာစဉ်က ၁,၂၆၄ ဦး၊ မတ် ၁၉ ရက်မှာ ၁ သောင်းကျော်၊ မတ် ၂၇ ရက်မှာ ၁ သိန်းကျော်၊ ဧပြီ ၈ ရက် ဝူဟန့် ပိတ်ဆို့တားဆီးမှုတွေ ပြန်ဖွင့်လှစ်ပြီးနောက် အမေရိကန်နိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၄ သိန်း ရှိခဲ့ပါတယ်။  ယနေ့အခါ COVID-19ရောဂါ အတည်ပြုလူနာနှင့် သေဆုံးသူ ဦးရေဟာ ၁.၅၇ သန်းနှင့် ၉ သောင်းကျော် အသီးသီးရှိပြီဖြစ်ပါတယ်။ မိမိတို့အနေနဲ့ ဆုံးရှုံးသွားခဲ့ရတဲ့ အသက်အိုးအိမ်များအတွက် ဝမ်းနည်းကြေကွဲရပါတယ်၊ ကပ်ရောဂါတိုက်ဖျက်မှုကို အမြန်ဆုံးအောင်နိုင်ပါစေလို့လည်း ဆန္ဒပြုပါတယ်။ ဒါပေမဲ့ ဒီလို ဆုံးရှုံးနစ်နာမှုအပြစ်တာဝန်တွေကို  နိုင်ငံရေးကျားကွက်ရွှေ့ကစားရာမှာ နစ်မြောနေတဲ့ အမေရိကန်နိုင်ငံရေးသမားတွေဟာ ခေါင်းရှောင်ချင်လည်း ရှောင်လို့ မရပါဘူး”ဟု ကျောက်လိကျန်းက ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံသည် လူသားတို့၏ကံကြမ္မာတူ၊ အကျိုးတူအသိုက်အဝန်း ခံယူချက်ကို အစဉ်အမြဲလက်ကိုင်ထားရာ ပြည်သူ့အခြေပြု အသက်ဘေးအန္တရာယ်ကို ဦးထိပ်ထား၍ မိမိနိုင်ငံ၏ အသက်အိုးအိမ်နှင့်ကျန်းမာရေးကို တာဝန်ယူဆောင်ရွက်ခဲ့သလို ကမ္ဘာ့ ပြည်သူ့ကျန်းမားရေးကဏ္ဍလုပ်ငန်းများတွင်လည်း တက်နိုင်သ၍ အစွမ်းကုန် တာဝန်ကျေစွာဆောင်ရွက်ခဲ့ကြောင်း ၊ မိမိတို့အနေဖြင့် ဘက်စုံထောင့်စေ့ အတင်းကြပ်ဆုံး ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို ပြုလုပ်ခဲ့သလို တစ်နိုင်ငံလုံးရှိ မိသားစုတိုင်း၊နိုင်ငံသားတိုင်းသည် ရောဂါတိုက်ဖျက်ရေးတာဝန်ကို ခိုင်မာစွာစောင့်ထိန်းခဲ့ကြောင်း ကြမ်းတမ်းခက်ခဲမှုအဆုံးစွန်ကို ကြိုးပမ်းဖြတ်ကျော်ကာ ကြီးမားသည့်ဆုံးရှုံးနစ်နာမှုများကို စတေးပြီးနောက် တရုတ်နိုင်ငံသည် ကပ်ရောဂါ၏အခြေအနေကို အားကောင်းစွာ ပြောင်းလဲနိုင်ခဲ့ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် ပွင့်လင်းမြင်သာ တာဝန်ယူမှုရှိစွာဖြင့် အချိန်မီ WHOနှင့်တကွ အမေရိကန်နိုင်ငံအပါအဝင် သက်ဆိုင်ရာနိုင်ငံများကို ရောဂါအခြေအနေသတင်းအချက်အလက်များအား ပေးပို့ခဲ့ရာ ပထမဆုံးအချိန်တွင်ပင် ဗိုင်းရပ်စ်မျိုးရိုး ဗီဇအစီအစဉ်စသည့် အချက်အလက်များကို ထုတ်ပြန်ပေးခဲ့ပြီး ဘက်ပေါင်းစုံနှင့် ရောဂါကာကွယ်ရေးနည်းလမ်းများ၊ ကယ်ဆယ်ကုသရေးနည်းလမ်းများကို  ထိမ်ချန်ခြင်းမရှိ မျှဝေခဲ့သလို လိုအပ်သည့်နိုင်ငံများအား တက်စွမ်းသ၍အစွမ်းကုန် ကူညီထောက်ပံ့ပေးခဲ့သည်။ 

မေ ၁၈ ရက်တွင် ကျင်းပခဲ့သည့် (၇၃)ကြိမ်မြောက် ကမ္ဘာ့ ကျန်းမာရေးညီလာခံ ဗွီဒီယို ကွန်ဖရင့်၌ သမ္မတရှီကျင့်ဖိန်မိန်းခွန်းပြောကြားခဲ့ရာတွင်လည်း နိုင်ငံတကာ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးအကြံပြုချက်နှင့်နည်းလမ်းများကို ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာကပ်ရောဂါတိုက်ဖျက်ရေးတွင် WHO၏ ဦးဆောင်ဦးရွက်ပြုသည့်အခန်းကဏ္ဍကို ခိုင်မာစွာ ထောက်ခံသွားမည်ဖြစ်ကြောင်း၊ WHOအား ထောက်ခံ့အားပေးခြင်းသည် နိုင်ငံတကာ ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုကို အားပေးခြင်း၊ အသက်အိုးအိမ်များကို ကယ်ဆယ်ရန် အားပေးခြင်း ဖြစ်ကြောင်းပြီး တစ်ဖတ်သတ်ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒ၊ တစ်ကိုယ်ကောင်းစိတ်၊ တာဝန်လွှဲခေါင်းရှောင်မှုနှင့် WHOအား ဖိအားပေးခြိမ်းခြောက်ပြောဆိုခြင်းသည် လူ့အသက်ကိုလျစ်လျူရှုခြင်း၊ လူသားချင်းစာနာထောက်ထားမှုကို စိန်ခေါ်ခြင်း၊ နိုင်ငံတကာကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုကို ဖျက်ဆီးခြင်းဖြစ်ကြောင်း ကျောက်လိကျန်းက ဆိုသည်။ 

အမေရိကန်နိုင်ငံအနေဖြင့် ကပ်ရောဂါကို အမြန်ဆုံးတိုက်ဖျက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ကပ်ရောဂါတိုက်ဖျက်ရေးကို ရှေ့ဆောင်ဦးရွက်ပြုနေသည့် နိုင်ငံတကာအဖွဲ့အစည်းကို နောက်ဆုံးရာဇသံပေးပို့ရမည်မဟုတ်ကြောင်း၊ အမေရိကန် နိုင်ငံရေးသမားများအနေဖြင့် မိမိကိုယ်ကို ပြန်လည်သုံးသပ်ရန်၊ နိုင်ငံရေးလှည့်ကွက်ကစားမှုကို ရပ်တန့်ရန်နှင့် အသက်ဘေးအန္တရာယ်ကယ်ဆယ်မှုကိုသာ အားစိုက်ဆောင်ရွက်ရန် အကြုံပြုကြောင်း  ကျောက်လိကျန်းက ပြောကြားခဲ့သည်။ (Xinhua)