Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်အရေးဆောင်ရွက်ရန် ရခိုင်ပြည်နယ်လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း အားဆောင်ရွက်မည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်သူသို့ တင်ပြချက်အားပြောကြားစဉ် (ဓာတ်ပုံ--နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်ကြုံတွေ့နေရသည့် အခြေအနေများနှင့်ပတ်သက်၍ အဓိကလုပ်ဆောင်ရမည့် လုပ်ငန်းစဉ် သုံးရပ်ရှိကြောင်း၊ ထိုလုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ ယန္တရားတစ်ရပ်ဖော်ဆောင်ရန်လိုအပ်ကြောင်း၊ ထိုယန္တရားအား ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine) ဟုအမည် ပေးထားကြောင်း နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ တင်ပြချက်ထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

“Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhineမှာ နိုင်ငံတော်အစိုးရအနေနဲ့ ကျွန်မ(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)က ဥက္ကဋ္ဌ အဖြစ်တာဝန်ယူမှာဖြစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်ကြုံတွေ့နေရသည့် အခြေအနေများ နှင့် ပတ်သက်၍ လုပ်ဆောင်ရမည့်အဓိက လုပ်ငန်းစဉ်ကြီး (၃) ခု မှာ ပထမအချက် သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနှင့်ဒုက္ခသည်များ ပြန်လည်လက်ခံရေး ၊ဒုတိယအချက်သည် ပြန်လည်နေရာချထားရေး နှင့် ပြန်လည်ထူထောင်ရေး၊ တတိယအချက်သည် ဒေသဖွံ့ဖြိုးရေး နှင့် ရေရှည် ပဋိပက္ခကင်းဝေးရေးတို့ဖြစ်ကြောင်း ဆိုသည်။

တည်ငြိမ်အေးချမ်းတိုးတက်ဖွံ့ဖြိုးသည့် ရခိုင်ပြည်နယ်ဖြစ်ပေါ်လာရေးအတွက် လက်တွေ့ တိုးတက်မှု ရလဒ်များ နှင့် ပြသရန် ကြိုးပမ်းဆောင်ရွက်မည့် စီမံကိန်းတွင် ပြည်သူပြည်သားများ၊ ပြည်တွင်း NGO များ၊ CSO များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ပူးပေါင်းပါဝင်ကြရန် အလေးအနက် မေတ္တာရပ်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြည်သူသို့ တင်ပြချက်ထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

“လာမယ့် အပတ်မှစပြီး စီမံကိန်း အကောင်အထည်ဖေါ်တဲ့အခါမှာ ကျွန်မတို့ ပြည်ထောင်စုကြီးတစ်ရပ်လုံးက ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာအားတွေ စုပုံပြီး ထက်ထက်သန်သန်၊ သတ္တိရှိရှိနဲ့ သမိုင်းမှတ်ကျောက်တင်ရလောက်အောင် သန့်ရှင်း၊ မှန်ကန်တဲ့အစွမ်းတွေ ပြကြမယ်လို့ မျှော်လင့်ယုံကြည်ပါတယ်။’’ ဟု နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးကူညီပေးဖို့ကမ်းလှမ်းထားသည့် နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ ဏ္ဍာရေးအဖွဲ့အစည်းများ INGO အဖွဲ့အစည်းများ၊ မိတ်ဆွေနိုင်ငံများ အားလည်း ပါဝင်ကြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

၎င်းကပင် “ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ ရုပ်ပိုင်းဆိုင်ရာအရ အင်အား မကြီးပေမယ့်၊ စိတ်အင်အားတွေစုစည်းပြီး အောင်မြင်မှု ရယူနိုင်လိမ့်မယ်ဆိုတာကို သံသယမရှိပါဘူး။ ကျွန်မတို့ ပြည်သူပြည်သားများဟာ သဒ္ဒါတရားထက်သန်စွာနဲ့ လှူဒါန်းပေးကမ်းရာမှာတော့ ကမ္ဘာ့နံပတ်(၁) လို့တောင် သတ်မှတ်ခြင်း ခံရပါတယ်။ ဒီသဒ္ဒါစိတ်တွေကို စည်းစနစ်နဲ့ သေချာစွာ ပြည်ထောင်စုအကျိုးအတွက် ကျွန်မတို့တွေ သုံးစွဲသွားကြရမှာပါ။ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း အောင်မြင်ဖို့အတွက် ခိုင်မြဲစွာ လက်တွဲပြီး လုပ်သွားကြပါစို့။’’ ဟုပြောကြားသည်။

မည်သည့်နည်း နှင့် ကူညီနိုင်မည်၊ မည်သို့ ဆက်သွယ်ပြီး လုပ်ဆောင်နိုင်မည် ဆိုသည်ကို ဝက်ဘ်ဆိုက် နှင့် တကွ၊ နိုင်ငံတော်သတင်းမီဒီယာများတွင် အောက်တိုဘာလ (၁၅)ရက်၊ တနင်္ဂနွေနေ့မှ စတင်ပြီး ကြေညာသွားမည်ဖြစ်ကြောင်း၊ကမ္ဘာ့တစ်ဝန်း ရောက်ရှိနေကြသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သား၊သမီးများ နှင့် နိုင်ငံတော်အပေါ် စေတနာထားသော မိတ်ဆွေများအနေ နှင့် အနီးဆုံး မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် ပါဝင်ကူညီနိုင်ရန်လည်း စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။ပြည်သူ၊ ပြည်သားအားလုံး ကျန်းမာ၊ ချမ်းသာ၍ နှလုံးစိတ်ဝမ်း အေးချမ်းကြစေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဆုတောင်းစကားပြောကြားခဲ့သည်။ (Xinhua)